စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၇0) ခုထက်မနည်းရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့ (မေ ၂၅)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၆၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၇၇၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၈၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၃) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။

မေလ ၂၁ ရက်နေ့တွင် တောတွင်းသို့ အမဲလိုက်ထွက်ရာမှ အိမ်သို့ပြန်လာသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာမှ ရွာသား နှစ်ဦးဖြစ်သော ပေါင်ဇမောင်နှင့် ပေါင်ဆွင်းထန်တို့သည် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်၌ စစ်သားများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။ ပေါင်ဇမောင်နှင့် ပေါင်ဆွင်းထန်တို့သည် တူမီးသေနတ်ထမ်းပြီး ပြန်လာသည်ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဖွဲ့ဝင်ဟု စွပ်စွဲခြင်းခံရကာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်တွင်နေထိုင်သည့် မနှင်းလဲ့နန္ဒာလွင်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ မေလ ၂၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ မနှင်းလဲ့နန္ဒာလွင်ကို PDF များအား လှူဒါန်းသည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း <a href=”https://aappb.org/wp-content/uploads/2022/05/Recent-fatality-List-for-May-25-2022-English.pdf”>Recent fatality List for May 25, 2022 (English)</a>
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း <a href=”https://aappb.org/wp-content/uploads/2022/05/Under-Detention-List-Last-Updated-on-25-May-2022.pdf”>Under-Detention-List-Last-Updated-on-25-May-2022</a>
အမိန့်ချမှတ်ခံထားရသူများစာရင်း <a href=”https://aappb.org/wp-content/uploads/2022/05/Under-Sentenced-List-Last-Updated-on-25-May-2022.pdf”>Under-Sentenced-List-Last-Updated-on-25-May-2022</a>