စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၇0) ခုထက်မနည်းရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ မေလ ၆ ရက်နေ့က ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နှင့် ရေစကြိုမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့ (မေ ၁၀)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေး သည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၃၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၅၉၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၄၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၆၈) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၀၉) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မေလ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျွန်းကြီးကျေးရွာမှ ရန်ကုန်သို့ သွားသည့် လူငယ် နှစ်ဦးအား ပျဉ်းချောင်းကျေးရွာအနီးတွင် စစ်သားများမှ ပစ်ခတ်ခဲ့သောကြောင့် တစ်ဦး သေဆုံးသွားခဲ့ပြီး တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။ သေဆုံးသွားသူမှာ အသက် ၂၀ အရွယ်ရှိ မောင်ငြိမ်းထက်အောင်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်ပညာရေးသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် CDM ကျောင်းဆရာကို ရှာမတွေ့သောကြောင့် ၎င်း၏ လေးနှစ်ခွဲအရွယ် သမီးဖြစ်သူ မရှကီအား ဓါးစာခံအဖြစ် အကြမ်းဖက်စစ်အုပ်စုမှ မေလ ၄ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ဧပြီလ ၃၀ ရက်နေ့တွင် အဆိုပါကျောင်းဆရာ၏ ဇနီးဖြစ်သူကို လည်းကောင်း၊ မေလ ၁ ရက်နေ့တွင် ၎င်း၏ မိဘ နှစ်ဦး၊ အစ်ကို နှစ်ဦး၊ ညီမ တစ်ဦး၊ ယောက်က္ခမ တစ်ဦးနှင့် ခယ်မ တစ်ဦးကို လည်းကောင်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for May 10, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-10-May-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-10-May-2022