ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့်အခြေချနေထိုင်ရေး အစိုးရမူဝါဒအပေါ်သဘောထားကြေညာချက်

press release of letterhead

10153003_10152423819536017_2151485259054529647_n

ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့်အခြေချနေထိုင်ရေး အစိုးရမူဝါဒအပေါ်သဘောထားကြေညာချက်

၁၈ ရက် ဒီဇင်ဘာလ ၂၀၁၄

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာ၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့

 

ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေး ရှင်းလင်းတိကျသောမူဝါဒနှင့် ထိရောက်သော အကောင်အထည်ဖော်မှုများ ရှိရန်လိုအပ်သည်

၂၀၁ဝ ရွေးကောက်ပွဲအပြီး ပြုပြင်ပြောင်းလဲရေးကာလအစတွင် ပြည်ပရောက်အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ထွက်ခွာခဲ့ကြသော မြန်မာလူမျိုးများကို ပြန်လည်အခြေချနေထိုင်ရန် ဦးသိန်းစိန်အစိုးရမှ ဖိတ်ခေါ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသည် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားမြန်မာ့ဒီမိုကရေစီအရေး ဝိုင်းဝန်းဆောင်ရွက်ကြသော နိုင်ငံခြားသား ၂၀၀ဝ ကျော်ကို ဩဂုတ်လ ၂၀၁၂ ခုနှစ်တွင် အမည်မည်းစာရင်းမှ ပယ်ဖျက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ နိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင် ပြန်လည်အခြေချနေထိုင်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ၂ရ ရက် စက်တင်ဘာလ ၂၀၁၂ ခုနှစ် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ပြောကြားခဲ့သော သမ္မတမိန့်ခွန်းတွင် “ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်လာနေသည့်အချက်သည်” ပြုပြင်ပြောင်း လဲရေးကာလအတွင်း အားရကြေနပ်ဖွယ်ကောင်းပြီး သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက်မှုများ အနက်တစ်ခုဟု မှတ်ချက်ပြုခဲ့ပြီး VOA နှင့် မေလ ၂၀၁၃ ခုနှစ်တွင်ပြုလုပ်သော စကားဝိုင်း တွင်လည်း ပြည်ပရောက် မြန်မာများကို ပြည်တွင်းတွင် ပြန်လည်အခြေချ နေထိုင်ရန် သမ္မတကိုယ်တိုင် ဖိတ်ခေါ်မှု ပြုလုပ်ခဲ့သည်။

သို့သော် လက်တွေ့တွင် အစိုးရအဖွဲ့၏နှုတ်ကတိမှလွဲ၍ တိကျရှင်းလင်းသော မူဝါဒများချမှတ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းများမရှိခြင်းကြောင့် တိုင်းပြည်အတွင်းပြန်လည်ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေးကြိုးပမ်းရာတွင် အဟန့် အတားများနှင့် ကြုံတွေ့နေရသည်။ ဤအဟန့်အတားများထဲတွင် ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ပြည်ဝင်ခွင့် ထုတ်ပေးရန် အချိန်ဆွဲထားခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျောက်ထားရာတွင် ခိုင်လုံသောအကြောင်းပြချက်မရှိပဲ အချိန်ဆွဲထားခြင်း၊ နိုင်ငံသားဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေးတွင် ပါဝင်ရန် ကန့်သတ်မှုများပြုလုပ်ခြင်း တို့ပါဝင်သည်။

မြန်မာပြည်သို့ အလည်အပတ်ပြန်လာသူများဖြစ်စေ ပြန်လည်အခြေချနေထိုင်သူများဖြစ်စေ ၎င်းတို့၏ နိုင်ငံရေးခံယူချက် များနှင့် နိုင်ငံရေးလှုပ်ရှားမှုများပေါ်မူတည်၍ တစ်ဦးချင်းစီအပေါ် အစိုးရ၏တုံ့ပြန်မှုများနှင့်ကိုင်တွယ်မှုများ ကွဲပြားနေ သည်ဟုယူဆရပြီး သမ္မတနှင့်အခြားအစိုးရတာဝန်ရှိသူများ၏ အပြောနှင့်လက်တွေ့အကောင်အထည်ဖော်မှုသည် အလွန်ကွဲလွဲနေသည်ကို တွေ့ရသည်။

ပြုပြင်ပြောင်းလဲရေးပြုလုပ်နေသည့် အစိုးရတစ်ရပ်အနေဖြင့် စစ်အစိုးရလက်ထက် သမိုင်းတစ်လျောက် ရုပ်ပိုင်းစိတ်ပိုင်း နိုင်ငံရေးဖိနှိပ်အကြမ်းဖက်မှုဒဏ်ခံခဲ့ရသော နိုင်ငံရေးအမြင်မတူသူများနှင့်အဖွဲ့အစည်းများအပေါ် ကန့်သတ်ချုပ်ခြယ်မှုများ ဆက်လက်ပြုလုပ်ခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေးရည်မှန်းချက်များနှင့် များစွာဆန့်ကျင်နေသည်။

မိမိတို့အနေဖြင့် မိမိယုံကြည်ချက်နှင့် ခံယူချက်များဖြစ်သော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လုပ်ငန်းများအတွက် အမိမြေအတွက် တစ်ထောင့်တစ်နေရာမှပါဝင်နိုင်ရန် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုယုံကြည်ရာတန်ဖိုးများနှင့် နိုင်ငံရေးခံယူချက်များအတိုင်း အခိုင်အမာဆက်လက် ရပ်တည်သွားမည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် စစ်မှန်သော ဒီမိုုကရေစီပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်အကောင်အထည်ဖော်ရန် လေးနက်သည့် ဆန္ဒရှိပါက အောက်ပါလုုပ်ဆောင်ချက်များကိုု နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်ပေးရန် မိမိတို့မှ တောင်းဆိုသည်။

(၁) မိမိနှင့် နိုင်ငံရေးအမြင်နှင့်ခံယူချက် မတူသူများအား ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူအခွင့်အရေးကိစ္စရပ်များတွင် မပါဝင်နိုင်အောင် ကန့်သတ်ချုပ်ချယ်မှုများ မပြုလုပ်ရန်

(၂) စစ်အာဏာရှင်အဆက်ဆက်လက်အောက် ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများကြောင့် ပြည်ပသို့ထွက်ခွာခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူများနှင့် အခြေချနေထိုင်လိုသူအားလုံးအတွက် စစ်မှန်သောဒီမိုကရေစီအခြေခံမူများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်အပေါ် အခြေခံသည့် ရှင်းလင်းတိကျသော မူဝါဒများချမှတ် အကောင်အထည်ဖော်ရန်

(၃) ဤမူဝါဒများချမှတ်ရာတွင် အောက်ပါအချက်များအား ထည့်သွင်းအကောင်အထည်ဖော်ရန်

(က) ပြန်လည်ဝင်ရောက်လာသော နိုင်ငံရေးအတိုက်အခံအင်အားစုများကိုု နိုင်ငံရေးအရအသိအမှတ်ပြုခြင်း

(ခ) ပြည်တွင်းတွင် အပြီးပြန်လည်အခြေချနေထိုင်ချင်သူများ နိုုင်ငံသားအဖြစ် ပြန်လည်လျောက်ထားရာတွင် အညှိုးမထားပဲ လွယ်ကူမြန်ဆန်မှုကို အာမခံသော လုပ်ထုံးလုပ်နည်းများချမှတ်ခြင်းနှင့် ၎င်းလုပ်ထုံးလုပ်နည်း များကို အများပြည်သူသိအောင်ကြေညာခြင်း

(ဂ) ပြည်လည်အခြေချနေထိုင်လိုသူများကို နိုင်ငံရေးနှင့်ကင်းစင်ကြောင်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်တော့မည် မဟုတ်ကြောင်း စသဖြင့် လက်မှတ်ထိုင်းခိုင်းခြင်းများ ရပ်ဆိုင်း၍ ဗီဇာကို ပစ်မှတ်ထား ကန့်သတ်ခြင်းများ မပြုလုပ်ပဲ အများနည်းတူလွယ်ကူမြန်ဆန်စွာ ဗီဇာဆောင်ရွက်ပေးခြင်း

(ဃ) ပြန်လာသူများအား လွှတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ နိုင်ငံရေးတွင်ပါဝင်ခွင့်ကို အာမခံ၍ ထောက်လှမ်းရေးများ စေလွှတ်ကာ စောင့်ကြည့်အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်ခြင်းမှရပ်ဆိုင်းခြင်း

(င) ရွေးကောက်ခံခံပိုင်ခွင့်နှင့်ပတ်သက်၍ ဥပဒေအရ ကန့်သတ်မှုများမပြုလုပ်ရန်

(စ) ပြည်ပတွင်နိုင်ငံရေးခိုလှုံနေသူများနှင့် အခြား တတိယနိုင်ငံတွင်အခြေချနေထိုင်နေသောဒုက္ခသည်များအား မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကို အများနည်းတူလျောက်ခွင့်ပေးခြင်း

ဆက်သွယ်ရန် – ဦးဘိုကြည် +၆၆(၀)၈၁ ၉၆၂၈ ၇၁၃၊ ဦးအောင်မျိုးမင်း +၉၅ (၀) ၉၄၄၈၀၁၅၃၀၆)၊ ဒေါ်ခင်ဥမ္မာ +၉၅ (၀) ၉၄၅၀၀၆၃၇၁၄)

Press Release on Return of Exiled Bur (18 Dec 2014)