စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ရ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နှင့် ကလေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ အချက်အလက်များကို ယနေ့ (ဖေဖော်ဝါရီ ၇)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၅၂၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၀၀၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၇၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ စိုင်းဂေါင်းကျေးရွာမှ ကိုဖြိုးကျော်ဟန်နှင့် ကိုရှိုင်းဝဏ္ဏထက်တို့ နှစ်ဦးသည် ညောင်မြိုင်ကျေးရွာသို့ မင်္ဂလာဆောင်ဖိတ်စာ ဝေရန်သွားစဉ် လမ်း၌ စစ်တပ်မှ ၎င်းတို့အား တားဆီး၍ စစ်ဆေးခဲ့သည်။ ကိုရှိုင်းဝဏ္ဏထက်မှာ စစ်ဆေးမှုကို မခံယူဘဲ ထွက်ပြေးသွားခဲ့ပြီး ညောင်ပင်အိုင်ကျေးရွာ၌ ပုန်းခိုနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဖမ်းဆီး၍ စစ်တပ်ထံသို့ အပ်နှံခဲ့သောကြောင့် ၎င်းမှာ ညှဉ်းပန်းနှိပ်စက်၍ စစ်ကြောခြင်းခံခဲ့ရကြောင်း သိရှိရသည်။ ကိုဖြိုးကျော်ဟန်မှာ စစ်ဆေးမှုကို ခံယူခဲ့ပြီး ၎င်း၏ ဖုန်းအတွင်းရှိ လူမှုကွန်ရက်စာမျက်နှာ၌ NUG Profile ကို တွေ့ရှိခဲ့သောကြောင့် ၎င်းအား သွားခိုင်းကာ နောက်ကျောမှနေ၍ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇန်နဝါရီလ ၂၉ ရက်နေ့ကတည်းက စတင်၍ တပ်စွဲခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အရပ်သား ခုနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ အဆိုပါအရပ်သား ခုနှစ်ဦးအနက် သုံးဦးဖြစ်သည့် အသက် ၅၂ နှစ်အရွယ် ဦးစန်းအောင်၊ ကိုဆင်ပေါက် (ခ) ကိုချမ်းသာတို့၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကိုမင်းမင်း၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ကျန်ဒေသခံသုံးဦး၏ အခြေအနေကိုလည်း သိရှိရခြင်း မရှိသေးပါ။
၎င်းပြင် ကင်းစံပြကျေးရွာ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ရ နာရီခန့်က နေအိမ်၌ စစ်အုပ်စု၏တပ် ထောင်ထားသည့် မိုင်းပေါက်ကွဲခြင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သည့် မနန်းဝေမာမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Feb 7, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-7-February-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-7-February-2022