စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့(ဇန်နဝါရီ ၂၁)တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၄၈၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၇၁၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၃၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၃) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၂) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နေပြည်တော်၊ ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို ရာဇတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှ ယမန်နေ့ (ဇန်နဝါရီ ၂၀) တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်အား အကြမ်းဖက်စစ်အုပ်စု၏တပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ၌ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့ဖမ်းဆီးရာတွင် ဦးကျော်စိုးနိုင်အား လက်ခံထားသည့် အိမ်ရှင်ဖြစ်သူ ဦးဌေးလွင်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ ဦးကျော်စိုးနိုင်သည် ငါန်းဇွန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Jan 21, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-21-January-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-21-January-2022