စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇန်နဝါရီလ ၁ရ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့နှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၁၁) ဦးတို့၏ အချက်အလက်များကို ယနေ့(ဇန်နဝါရီ ၁၇)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၁၄၈၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၁ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၆၃၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၂၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၁) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၀) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယနေ့(ဇန်နဝါရီ ၁၇) နံနက် ၁ နာရီအချိန်တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် စစ်ဘေးရှောင်ပြည်သူ သုံးဦးမှာ နေရာတွင်ပင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပြည်သူ သုံးဦးမှာ အသက် ၁၂ နှစ်အရွယ် မခိုင်၊ အသက် ၁၅ နှစ်အရွယ် မချောစုနှင့် အသက် ၅၂ နှစ်အရွယ် ဦးအန်ဒြေးယာနို့နို တို့ဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မအူပင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်း၍ တပ်စွဲခဲ့ပြီး ဒေသခံရွာသား လေးဦးကို ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကိုကျော်ဇင်ဝေကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကိုသန့်ဇင်၊ ကိုကျော်မြင့်ဆွေနှင့် ကိုစိုးမြင့်တို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ညအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လျှပ်စစ်ရုံးအနီး လမ်းမပေါ်၌ ဆွံ့အနားမကြားသူတစ်ဦးဖြစ်သည့် ကိုရဲရင့်ဇော်သည် စက်ဘီးဖြင့်ဖြတ်သွားစဉ် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ရပ်ခိုင်းသည်ကို မရပ်တန့်ပေး၍ဟုဆိုကာ ပစ်သတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Jan 17, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-17-January-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-17-January-2022