စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ယနေ့(ဇန်နဝါရီ ၈)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၄၄၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၄၆၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၅၃၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၃၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၇၈) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စစ်ကိုင်းပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသား ကိုမင်းခန့်ဇော်နှင့် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)မှ ပထမနှစ်ကျောင်းသား ကိုအောင်ပြည့်ဖြိုးတို့ လူငယ်နှစ်ဦးသည် ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့အရှေ့ဘက်အထွက်လမ်း၌ ပစ်ခတ်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ၎င်းတို့မှာ ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။ ကိုမင်းခန့်ဇော်မှာ ဆံပင်များဆွဲနုတ်ခြင်းခံထားရပြီး ရိုက်နှက်ခြင်းခံထားရကာ ကိုအောင်ပြည့်ဖြိုးမှာ ပေါင်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံထားရသည်။ ထို့ပြင် ၎င်းတို့နှစ်ဦး၏ လည်ပင်းကို သံကြိုးဖြင့် ချည်ထားပြီး “မင်းကင်း PFF ဖြစ်ကြောင်း” နှင့် “အရေးတော်ပုံကျရှုံးရမည်” စသည်တို့ကို အတင်းအဓမ္မအော်ခိုင်းကာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။
ယမန်နေ့ (ဇန်နဝါရီ ၇) နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပစ်ခတ်ကာဝင်ရောက်လာခြင်းကြောင့် ဒေသခံရွာသူ၊ရွာသားများ ထွက်ပြေးခဲ့ကြသည်။ ထိုသို့ထွက်ပြေးစဉ် ပစ်ခတ်ခြင်းခံရသောကြောင့် ပန်းရံလုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မောင်ခန့်ဇင်ထွေး၊ အသက် ၁၇ နှစ်အရွယ်ရှိ မောင်အောင်သက်ဖြိုး နှင့် မောင်ရဲဇော်ထိုက်တို့မှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ကျည်ထိမှန်ဒဏ်ရာရရှိထားသည့် ဒေသခံအများအပြားရှိကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Jan 8, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-8-January-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-8-January-2022