စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ နိုဝင်ဘာလ ရ ရက်နေ့က ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ အပြစ်မဲ့ပြစ်သူ (၁) ဦး၏ အချက်အလက်များကို ယနေ့ (နိုဝင်ဘာ ၈) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၂၄၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၁၂၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၀၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းယူခဲ့ပြီး ပြည်သူများ၏ ဆန္ဒများကို လျစ်လျူရှုခဲ့သည်။ နွေဦးတော်လှန်ရေးသည် ဖက်ဒရယ်ပြည်ထောင်စုအတွက် ပြည်သူများ၏ စုစည်းမှုကို ဖော်ပြလျက်ရှိသည်။
ဓာတုဗေဒဘာသာရပ်ဖြင့် တတိယနှစ်တက်ရောက်ရောက်သင်ကြားနေသော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို စစ်ခုံရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ မသဉ္ဇာဇော်အပါအဝင် ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူ ခြောက်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ စက်တင်ဘာလ ၁၄ ရက်နေ့ ညအချိန်တွင် ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ကျောင်းသား၊ကျောင်းသူ ခြောက်ဦးအနက်မှ ကျောင်းသားတစ်ဦးဖြစ်သည့် ကိုစည်သူအောင်တင်ကို နိုဝင်ဘာလ ၃ ရက်နေ့ ကတည်းက ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ပေါက်ပင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်သားများမှ နိုဝင်ဘာလ ရ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်မှား၍ဝင်ချိန်၌ ကြောက်လန့်၍ထွက်ပြေးသော ရွာသူ မမြလေးနွယ်ကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ မမြလေးနွယ်သည် ရင်ဘတ်နှင့် လည်ပင်းကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for November 8, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-8-November-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-8-November-2021