စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယမန်နေ့ (နိုဝင်ဘာ ၁)က ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်း‌ဒေသကြီး၊ စဥ့်ကိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တို့မှ အပြစ်မဲ့ပြစ်သူ (၄) ဦး၏ အချက်အလက်များကို ယနေ့(နိုဝင်ဘာ ၂)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၂၃၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၁၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၀၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာတွင် နေထိုင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် အ.ထ.က စဥ့်ကိုင်မှ အထက်တန်းပြကျောင်းဆရာ ဦးဝင်းလွင်သည် ဖမ်းဆီးနှိပ်စက်ခြင်းခံရသောကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များသည် ဦးဝင်းလွင်အပါအဝင် ရွာသား ငါးဦးကို စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် သုံးဦးကို ပြန်လည်လွှတ်ပေးခဲ့ကာ ဦးဝင်းလွင်နှင့် ကျူရှင်ဆရာ ဦးရန်အောင်ဝင်းတို့ကို ဆက်လက် ဖမ်းဆီးထားခဲ့သည်။ ယနေ့ (နိုဝင်ဘာ ၂) နံနက် ရ နာရီအချိန်တွင် ဦးဝင်းလွင်၏ရုပ်အလောင်းကို လာရောက်ယူဆောင်ရန် ၎င်း၏မိသားစုထံအကြောင်းကြားလာကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာမှ ကိုဖြိုးဝေအောင်၊ ကိုချစ်ကိုနှင့် ခင်ဦးမြို့၊ မြနန္ဒာရပ်ကွက်မှ ကိုရန်နိုင်တို့သည် လယ်အတွင်းရေတင်နေစဉ် ပစ်သတ်ခြင်းခံခဲ့ရသည်။ အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များသည် တာဘောင်ပေါ်မှ ကားနှစ်စီးဖြင့် ဖြတ်သွားချိန်၌ အဆိုပါဒေသခံ သုံးဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for November, 2, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-2-November-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-2-November-2021