စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်း (၁) ဦးနှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် ခင်ဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁၃) ဦး၏ အချက်အလက်များကို ယနေ့(အောက်တိုဘာ ၂၆)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၂၁၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၂၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၀၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ယာခင်းအတွင်း၌ တဲထိုး၍နေထိုင်သော အရပ်သား တစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ရွာနှင့်မနီးမဝေးရှိ ဘုန်းကြီးကျောင်းအနောက်ဘက်တွင် သေနတ်ဖြင့် ပစ်သတ်၍ မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ဗအိုးကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်ခဲ့သောကြောင့် ရွာသား သုံးဦးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ကိုသိန်းတင့်၊ အသက် ၅၂ နှစ်အရွယ် ဦးမြဝင်းနှင့် အသက် ၃၅ နှစ်အရွယ် ကိုနန်းလွင်တို့မှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုသိန်းတင့်မှာ လယ်တောအတွင်းရေသွင်းနေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးမြဝင်းမှာ နေအိမ်၌ရှိနေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကာ ကိုနန်းလွင်မှာ ကြောက်လန့်၍ ထွက်ပြေးရာမှ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဥတ္တရံရပ်ကွက်တွင်နေထိုင်သည့် လူငယ် နှစ်ဦးဖြစ်သော ကိုထက်ဝေနိုင်နှင့် ကိုသန်းစိုးဦးတို့ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး တောလမ်းတစ်နေရာတွင် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အဆိုပါလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို လာယူရန် သက်ဆိုင်ရာမိသားစုထံ ပရဟိတအဖွဲ့တစ်ခုမှတစ်ဆင့် အကြောင်းကြားလာကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 26, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-26-October-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-26-October-2021