စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်
အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံရေးနှင့်ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၁၃၁၆)ဦး၊ တရားရင်ဆိုင်နေရသူ (၄၃၂၀)ဦး၊ စုစုပေါင်း (၅၆၃၆) ကို လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းပြုချက်များအရ ယနေ့ (အောက်တိုဘာ ၂၅)အထိ (၄၀၆၅) ဦးမှာ လွတ်မြောက်လာခဲ့ပြီး ၎င်းတို့အနက်မှ (၁၁၈) ဦးမှာ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ယနေ့(အောက်တိုဘာ ၂၅)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၉၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၃၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၀၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ မှ မိုးဗြဲမြို့ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် အသက် ၆ဝ အရွယ် ဒေါ်မူလွမ်းမှာ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ ကျဆုံးသွားခဲ့ပြီး ကလေး နှစ်ဦးအပါအဝင် အရပ်သား ငါးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းက တိမ်းရှောင်နေသည့် သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်၏နေအိမ်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ၎င်း၏မရီးဖြစ်သူ ကျောင်းဆရာမ မမေနှင်းအေးကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ချင်းအမျိုးသားတပ်မတော်၏ ဆေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ရန်ကုန်ဆေးတက္ကသိုလ် ၂ ကျောင်းသား ကိုနိုင်ထူးလွင်ကို ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖလမ်းမြို့၊ လုံပီးရပ်ကွက်၌ ကိုနိုင်ထူးလွင်၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 25, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-25-October-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-25-October-2021