၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယုအား အကြမ်းဖက်ဖမ်းဆီးမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့ ညပိုင်းတွင် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုအား အာဏာသိမ်းစစ်အုပ်စုမှ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဖမ်းဆီးစဉ်အတွင်း ဦးခေါင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့နှင့် အယူအဆမတူသူများအား ဖမ်းဆီးရာတွင် မလိုလားအပ်ဘဲ ကြမ်းတမ်းစွာဆက်ဆံခြင်းများကို ပြုလုပ်နေသည်ကိုလည်း တွေ့ရှိနေရပါသည်။ ဖမ်းဆီးစဉ်ပစ်ခတ်ခံရပြီး သေဆုံးမှုများ၊ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးမှုများလည်း ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် တရားဥပဒေကို မထေမဲ့မြင်ပြုပြီး အပြစ်မဲ့ ပြည်သူများကို စိတ်ထင်တိုင်း တရားမဲ့ပြုကျင့်နေကြောင်း ပေါ်လွင်စေသည်။
ထို့ကြောင့် ကိုဂျင်မီ(ခ) ကိုကျော်မင်းယု နှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးသည် မတရားဖမ်းဆီးခဲ့သည့် စစ်အုပ်စုတွင် တာဝန်အပြည့်အဝရှိပြီး စစ်အုပ်စုအနေဖြင့် တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံထားရသူများအား ညှဉ်းပန်းနှိပ်စက်မှုများမှ ကာကွယ်ပေးရန်နှင့် လွတ်မြောက်ရေးအတွက် အားထုတ်ဆောင်ရွက်ပေးပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်း (အေအေပီပီ) မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
စတိတ်မန့်ဒေါင်းလော့ရယူရန် Statement for Ko Jimmy_KT_Burmese by Ko David