စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်
အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံရေးနှင့်ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၁၃၁၆)ဦး၊ တရားရင်ဆိုင်နေရသူ (၄၃၂၀)ဦးကို လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၈၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၂ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၈၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၁၂) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာတွင်နေထိုင်သည့် လူငယ်စာရေးဆရာတစ်ဦးဖြစ်သူ ကိုအောင်နိုင်မြင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်နွယ်သည်ဟုစွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များမှ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။ ကိုအောင်နိုင်မြင့်ကို မြောက်ဦးမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ (ည) ဖြင့် အမှုဖွင့်ထားကြောင်းသိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အလယ်ကုန်းကျေးရွာတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်စန္ဒာချိုကို အကြမ်းဖက်စစ်အုပ်စုမှ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 20, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-20-October-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-20-October-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-20-October-2021