စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ အောက်တိုဘာလ ၁၁ ရက်နေ့က ကျဆုံးသွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ယနေ့ (အောက်တိုဘာ ၁၄)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၇၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၃၀၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၄၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဗုံးပေါက်ကွဲမှုသံသယဖြင့် ငါးလနီးပါးကြာ ချုပ်နှောင်ခြင်းခံထားရသော ချင်းလူငယ် ငါးဦးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် တရားရုံးမှ အပြစ်မရှိကြောင်းတွေ့ရှိ၍ တရားသေ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ယမန်နေ့ (အောက်တိုဘာ ၁၃)တွင် အကြမ်းဖက်စစ်အုပ်စုမှ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝအထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ လူငယ် ငါးဦးကို သံသယဖြင့် ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါလူငယ် ငါးဦးမှာ အဆိုတော် အိုက်ထွန်းမင်း၊ ကုမ္ပဏီဝန်ထမ်း အိုက်ထွန်းမင်း၊ သစ်တောဝန်ထမ်း အိုက်ထွန်းမင်း၊ NGOs ဝန်ထမ်း ဦးရာကျော် နှင့် ကိုအောင်ထွန်းစိုးတို့ဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ တပ်ကြပ်ကြီး တင်လျန်ဘိခ်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် နေထိုင်သော ၎င်း၏ အသက် ၆ဝ အရွယ် မိခင်၊ မသန်စွမ်း ညီမနှစ်ဦး၊ ၁ဝ နှစ်ရွယ် တူမ တစ်ဦးနှင့် တက္ကသိုလ်ကျောင်းသူ တူမ တစ်ဦး တို့ကို အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 14, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-14-October-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-14-October-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-14-October-2021