စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ယနေ့ (စက်တင်ဘာ ၂၈)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၃၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၈၉၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၉၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်စံပြကျေးရွာ အထက်တန်းကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များ တပ်စွဲခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံရွာသား ဦးကျော်ဌေးသည် လက်နက်ကြီးကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၌ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁ နာရီ ၃ဝ မိနစ်တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်များက လူငယ် လေးဦးကို တိုက်ခန်းပေါ်မှ ဆွဲချခဲ့ပြီး လမ်းပေါ်တွင် ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ သတ်ဖြတ်ခြင်းခံရသူများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာဇင်လင်းနှင့် ရန်ကုန်ကုတင် ၅၀ဝ ဆေးရုံကြီးမှ သူနာပြုဆရာမ မခင်ခင်ကြွယ်တို့ ပါဝင်ကြောင်း သိရှိရသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ဦးဇော်ဝမ်းမောင်ကို စစ်တပ်မှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for September 28, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-28-September-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-28-September-2021

အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced-List-Last-Updated-on-28-September-2021