စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် နှင့် တောင်တွင်းကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၅) ဦး၏ အချက်အလက်များကို ယနေ့ (စက်တင်ဘာ ၂၀)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၁၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၂ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၆၃၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၈၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လူနေအိမ်များ မီးလောင်နေသည့်အတွက် မီးငြှိမ်းသတ်ရန် ဆိုင်ကယ်ဖြင့်သွားသော ထန်တလန်ရာပြည့်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ Cung Biak Hmun (ကျူံးဗျက်ဟုမ်း) သည် ပစ်သတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် သင်းအုပ်ဆရာ Cung Biak Hmun (ကျူံးဗျက်ဟုမ်း) ၏ နာရီ နှင့် ဖုန်းအပြင် လက်ချောင်းကိုဖြတ်၍ မင်္ဂလာလက်စွပ်ကိုပါ ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်ပင်ကြီး (ခေါ်) လက်ပံခုံကျေးရွာမှ အကြမ်းဖက်စစ်အုပ်စု၏သတင်းပေး တစ်ဦး သတ်ဖြတ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့မှ ကျေးရွာအတွင်း စီးနင်းဝင်ရောက်လာခဲ့ပြီး ဒေသခံရွာသား ဦးစိုးမင်းဦး (ခေါ်) ပေါကြောင်၏ နားထင်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အမည်မသိအမျိုးသားတစ်ဦးသည်လည်း ဆိုင်ကယ်ဖြင့် ရွာအတွင်း ဝင်လာချိန်တွင် ပစ်သတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁ရ ရက်၊ ည ၉ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာမှ မူလတန်းကျောင်းဆရာ ဦးအောင်သန်းဇော် နှင့် အသက် ၁၅ နှစ်အရွယ် မောင်ကုလားတို့သည် ရွာထိပ်ရှိ ဆီဆိုင်၌ ဆိုင်ကယ်ဆီသွားထည့်စဉ် ရွာတွင်ရှိသည့် Mytel တာဝါတိုင်ကို စောင့်နေသော စစ်သားများမှ တားဆီးခဲ့ပြီး ရိုက်နှက်၍ စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် ဦးအောင်သန်းဇော်၏ လည်ပင်းကို အနီးကပ် ပစ်ခတ်ခဲ့၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ဦးအောင်သန်းဇော်ကို မြို့သစ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော် ကုတင် ၁၀၀ဝ ဆေးရုံကို လွှဲပြောင်းချိန်၌ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁ရ ရက်၊ ည ၁ဝ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် နေထိုင်သည့် ဦးကျော်ကျော်သည် ဆွေမျိုးတစ်ဦး နေထိုင်မကောင်း၍ ဆိုင်ကယ်ဖြင့် သွားရောက်ကြည့်ရှုစဉ် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဦးကျော်ကျော်၏ မိသားစုကို အကြောင်းကြားလာသည့်အတွက် မိသားစုမှ ၎င်းအား သွားရောက်ခေါ်ဆောင်သည့်အခါ အသက်ရှိသေးသော်လည်း လုံးဝမလှုပ်ရှားနိုင်သောကြောင့် မကွေးဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့တွင်ပင် ဆေးရုံ၌ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသော ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ ကိုသိန်းစိုးအောင်သည် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသောကြောင့် စက်တင်ဘာလ ၁ရ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုသိန်းစိုးအောင်၏ ခန္ဓာကိုယ်တွင် ရိုက်နှက်ခြင်းခံထားရသည့် ဖူးယောင်ဒဏ်ရာများကို တွေ့ရှိရကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ် ပစ်ခတ်ခြင်းခံခဲ့ရပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ လူယုံသေဆုံးသွားခဲ့ကာ သားဖြစ်သူမှာ ဒဏ်ရာရရှိသွားခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် လက်ပံတန်းမြို့နယ်မှ ကိုသိန်းစိုးအောင်နှင့် ဇနီးဖြစ်သူအပါအဝင် ဒေသခံ ၃ဝ ခန့်သည် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for September 20, 2021 (Burmese) (MP)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-20-September-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-20-September-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced-List-Last-Updated-on-20-September-2021