စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် နှင့် ကလေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၁၂) ဦး၏ အချက်အလက်များကို ယနေ့ (စက်တင်ဘာ ၁၆)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၀၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၅၇၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၇၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စစ်သားများမှ ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော ကိုဇင်မင်းဦးသည် ယမန်နေ့ (စက်တင်ဘာ ၁၅) ည ၁၁ နာရီတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂ ရက်နေ့၊ ည ၈ နာရီခန့်တွင် ရွှေဘိုစက်မှုဇုန်မှပြန်လာသော ကိုဇင်မင်းဦးအပါအဝင် ဒေသခံ ငါးဦးကို စစ်သားများမှ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရှိရသည်။ ရိုက်နှက်ခြင်းခံခဲ့ရသော ဒေသခံ ငါးဦးအနက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ကိုဇင်မင်းဦး၊ ကိုနိုင်မျိုး နှင့် ကိုဥက္ကာတို့ သုံးဦးကို ညတွင်းချင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ကိုနိုင်မျိုးမှာ ရိုက်နှက်ခြင်းခံခဲ့ရသည့် ဒဏ်ရာများဖြင့် စက်တင်ဘာလ ၃ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ ညအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တောင်ဘက်ကျေးရွာအတွင်းကို အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင် ၁၀ ဦးသည် သေနတ်ပစ်ဖောက်၍ ဝင်ရောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့၏ ငွေကိုင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်စန္ဒာဝင်းကို ငွေကျပ် သိန်း ၁၈၀ နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ ဒေါ်စန္ဒာဝင်းသည် ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်ခံရပြီးချင်းပင် အနီးကပ်ပစ်ခတ်ခြင်းခံခဲ့ရပြီး နောက်စေ့ကို ကျည်ဆန်ထိမှန်သဖြင့် ဦးခေါင်းပွင့်ထွက်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for September 16, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-16-September-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-16-September-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced-List-Last-Updated-on-16-September-2021