စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ စက်တင်ဘာလ ၁၂ ရက်နေ့က ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ယနေ့ (စက်တင်ဘာ ၁၄)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၀၈၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၄၇၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၇၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်၊ ည ၁ဝ နာရီခန့်က ဆိုင်ကယ်စီးကာ နေအိမ်သို့ ပြန်လာသော လူငယ် သုံးဦးသည် အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားသည့် စခန်းရှေ့မှ ဖြတ်မောင်းသွားသည့်အတွက် ပစ်ခတ်ခြင်းခံခဲ့ရပြီး အသက် ၁ရ နှစ်အရွယ် မောင်ဘီးဘီးမှာ နောက်ကျော နှင့် ဆီးခုံကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်းနှင့်အတူဆိုင်ကယ်စီးလာသော လူငယ်တစ်ဦးမှာမူ နောက်ကျောကို ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ မဘိမ်းမြို့မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုအား ဖမ်းဆီးရမိခြင်းမရှိသဖြင့် သမီးဖြစ်သူကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များမှ ဓားစာခံအဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှ မြို့နယ်ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ် ရန်နိုင်လင်းကို အကြမ်းဖက်စစ်အုပ်စုမှ စက်တင်ဘာလ ၁၂ ရက်နေ့ ညအချိန်က သွားရောက်ဖမ်းဆီးရာ မတွေ့သောကြောင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နီနီဝင်း၊ သားဖြစ်သူ ကိုဖြိုးမင်းသန့် နှင့် ညီဖြစ်သူ ကိုသိန်းတုပ်တို့ကို ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ထို့ပြင် အနီးအနားတွင်ရှိသည့် မီးရထားဝန်ထမ်း ကိုအာကာဟိန်း နှင့် ဒေါ်ဝင်း ဆိုသူတို့ကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for September 14, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-14-September-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-14-September-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_SentencedList-Last-Updated-on-14-Septembe-r-2021