စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၂ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့ (ဩဂုတ် ၂၇) တွင် ကျဆုံးသွားခဲ့သည့် NLD ပါတီဝင် (၁) ဦး နှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် နှင့် ကောလင်းမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ယနေ့တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၁၀၂၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၂ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၉၇၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် ဆီဆိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ခွန်ဗွာထိုသွေးသည် တောင်လေးလုံး (ညောင်ရွှေ) အကျဉ်းထောင်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းခံခဲ့ရသောကြောင့် တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူနေစဉ် ယနေ့ (ဩဂုတ် ၂၇) တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၂၆) ည ၈ နာရီကျော်အချိန်က အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ၁၂၁ လမ်းအတွင်းကို ဝင်ရောက်၍ ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် အနီးအနား၌ နွားနို့ရောင်းနေသည့် ဦးသိန်းမင်းထွန်း (ခ) ဖာရွတ်သည် လည်ပင်းကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါပစ်ခတ်မှုတွင် အရပ်သား တချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
ယမန်နေ့ (ဩဂုတ် ၂၆) နံနက် ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာအတွင်းကို စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး နွားစာကျွေးနေသည့် ဒေသခံရွာသား ကိုလွင်မိုးကို စစ်ဆေး မေးမြန်းနေစဉ်အတွင်း ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် လူနေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေသောကြောင့် ရွာလုံးကျွတ်ထွက် ထွက်ပြေးနေကြရကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဖလဲကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၂၅ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် ဖလဲကျေးရွာသား တစ်ဦးဖြစ်သည့် ကိုဘုန်းကျော်ကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ကိုဘုန်းကျော်သည် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များ ရွာမှ ထွက်ခွာသွား သည်ဟု ထင်ကာ ရွာအတွင်းရှိ ကျွဲ၊ နွား၊ ဝက်များကို အစာကျွေးရန်အတွက် ရှောင်တိမ်းနေရာမှ ပြန်လာစဉ် ပစ်သတ်ခံခဲ့ရ ခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 27, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-27-August-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Sentenced list
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists-Last-Updated-on-27-August-2021