စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် နှင့် သာကေတမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့ (ဩဂုတ် ၂၅) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၀၁၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၉၃၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယမန်နေ့ (ဩဂုတ် ၂၄) ည ၁ဝ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့၊ အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သော ကိုမင်းအောင်သည် ၎င်း၏အမေအိမ်ကို ဝင်လည်ပြီး အိမ်သို့ ပြန်လာစဉ် ခရမ်းရဲစခန်းရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်း သွားချိန်၌ အကြမ်းဖက်စစ်အုပ်စု၏ တပ်များက ပစ်ခတ်၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် ရိုက်နှက်၍ နှိပ်စက်သောကြောင့် ကိုမင်းအောင်မှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီး သွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ ရူပဗေဒကျူရှင်ဆရာ ဦးစိုးပိုင် (ခ) ဦးကျော်ခိုင်ဝင်းသည် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် ဩဂုတ်လ ၂၃ ရက်နေ့ ညဦးပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရ သည်။
ယမန်နေ့ (ဩဂုတ် ၂၄) ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များ ဝင်ရောက်လာခဲ့ပြီး PDF ဟု စွပ်စွဲခြင်းခံထားရသည့် အစ်ကိုဖြစ်သူကို ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် ညီမဖြစ်သူ မအိသန္တာဖြိုးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ကျေးရွာထိပ်ရှိ ကွမ်းယာဆိုင်မှ ဒေသခံရွာသား ကိုနဂါးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် ဓာတုဗေဒ ပထမနှစ်ကျောင်းသူ မဆုပြည့်အောင်ကို အရပ်ဝတ်ရဲများမှ ယမန်နေ့ (ဩဂုတ် ၂၄ ရက်) နံနက် ၁ဝ နာရီ အချိန်တွင် နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှ ဓာတ်မှန်ဆရာ ကိုအိုက်ဇော်ကို PDF များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုမှ ဟုမ္မလင်းမြို့ရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့ (ဩဂုတ် ၂၄) ညနေပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 25, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 25 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 25 August 2021)