စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့ (ဩဂုတ် ၂၁) တွင် ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး နှင့် ဩဂုတ်လ ၁၉ ရက်နေ့က ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ယနေ့တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၁၀၀၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၈၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျန်းမာရေးမကောင်းသည့်အတွက် ရွာမှ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်ဘဲ ကျန်ခဲ့သည့် အသက် ၇၂ နှစ်အရွယ် ဦးကံထောက်ကို ထိုးကြိတ်ကန်ကျောက်၍ ရိုက်နှက် နှိပ်စက်သွားခဲ့သည်။ ဦးကံထောက်သည် ရိုက်နှက်နှိပ်စက်ခြင်းခံရသည့်ဒဏ်များကြောင့် ယနေ့ (ဩဂုတ် ၂၁) နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရရသည်။
ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အဆောင်တစ်ခုကို အကြမ်းဖက်စစ်အုပ်စုမှ PDF တပ်ဖွဲ့ဝင်များရှိသည်ဟုဆိုကာ အင်အားအများအပြားဖြင့် ဝင်ရောက် စီးနင်းချိန်တွင် လူငယ်တစ်ဦးဖြစ်သူ ကိုလင်းလင်းထွန်း (ခေါ်) ဘိုဖြူသည် ပြတင်းပေါက်မှ ခုန်ချ၍ ထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ခြင်းခံခဲ့ရပြီး ဝမ်းဗိုက်ကို ကျည်ထိမှန်ကာ နေရာတွင်ပင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အခြားလူငယ်တစ်ဦးဖြစ်သော မနှင်းအိခိုင်သည်လည်း ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။
ယမန်နေ့ (ဩဂုတ် ၂၀) တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် နေထိုင်သည့် ဦးထွန်းဝင်း၏ နေအိမ်၌ သားဖြစ်သူကို ဝင်ရောက်ရှာဖွေရာ မတွေ့ရှိသောကြောင့် ကိုဗစ်-၁၉ ကူးစက်ခြင်းခံထားရသော ဖခင်ဖြစ်သူ ဦးထွန်းဝင်းကို အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 21, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Last Updated on 21 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 21 August 2021)