စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက် များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရွှေဘိုမြို့နယ် နှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ အချက်အလက်များကို ယနေ့ (ဩဂုတ် ၁၈) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၀၀၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၃၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် ယမန်နေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်းက အရက်မူးနေသော စစ်သားများမှ အမြန်ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်း၌ ထိုင်နေသော ကိုဇော်မျိုးမြင့်အား လူလယ်ကောင်တွင် နားထင်ကို သေနတ်ဖြင့် တေ့၍ပစ်သတ်ခဲ့သည်ဟုသိရှိရသည်။ ကိုဇော်မျိုးမြင့်သည် ဆိပ်ကမ်းအုတ်ခုံပေါ်၌ ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်၍ဟုဆိုကာ ရန်ရှာ၍ ထိုးကြိတ်ခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ် သည်။ ထို့ပြင် မင်းကင်းမြို့နယ်၊ မင်းစားကျေးရွာမှ မဇင်မာဝင်းသည် သေနတ်သံနှင့် ကိုဇော်မျိုးမြင့်၏ ရုပ်အလောင်းကို တွေ့မြင်ပြီး နေရာတွင်ပင် နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြိုန့ယ်၊ ကျောက်ခဲတပ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား သုံးဦးဖြစ်သည့် ဦးဘိုအောင်၊ ဦးချစ်လွင်၊ ကိုဖိုးတုတ်တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ဩဂုတ်လ ၁ရ ရက်နေ့တွင် အဆိုပါရွာသား သုံးဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများ ကို ချင်းတွင်းမြစ်အတွင်း မျှော၍ ဖျောက်ဖျက်ခဲ့သည်ဟု သိရှိရသည်။
ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သပြေရေရွာမှ ဈေးဆိုင်ဖွင့်ထားသည့် ဦးလှမြင့်ဦးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ တူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဆိုင်ရှေ့ရှိ ဆိုင်ကယ်အဟောင်းတစ်စီး ပေါ်တွင် ဗုံးထောင်ထားခဲ့သည်ဟု သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ပလိုင်း၊ ဂုန်တန်၊ ကန်သာ စသည့် ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့က ဖမ်းဆီးထားသည့် ဂုန်တန်ရွာသား ကိုနန်ကို မေးမြန်း၍မရဟု ဆိုကာ ၎င်းတို့တပ်စွဲထားသည့် ပလိုင်းကျေးရွာရှိ စာသင်ကျောင်းအတွင်း၌ စစ်သားများက ပစ်သတ်ခဲ့သည်ဟု သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 18, 2021 (Burmese) (MP)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 18 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 18 August 2021)