စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၆၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၅၇၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယမန်နေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ဆိုင်ကယ်ဖြင့် လူငယ် သုံးဦးအား အကြမ်းဖက် စစ်အုပ်စု၏ တပ်သားများက ပစ်ခတ်ရာမှ အဆိုပါနေရာအနီးရှိ နေအိမ်၌ရှိသော တစ်နှစ်ခန့်အရွယ် ကလေးငယ်၏ ဦးခေါင်း နှင့် ဝမ်းဗိုက်ကို ကျည်နှစ်ချက်ထိမှန်ခဲ့ပြီး ကလေးငယ်မှာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ကလေးငယ်၏ ဖခင်ဖြစ်သူ ကိုငြိမ်းချမ်းမှာ လက်မောင်းတွင် ကျည်နှစ်ချက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး မိခင်ဖြစ်သူမှာလည်း ခြေထောက်၌ ကျည်တစ်ချက် ထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။
ဩဂုတ်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ အိုးဘိုကျေးရွာအနီး၌ စစ်သားများ နှင့် ပျူစောထီး အဖွဲ့ဝင်များက သံပေါက်ကျေးရွာမှ ရွာသား ငါးဦးကို တော်လှန်ရေးလုပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး အဆိုပါရွာသား ငါးဦးအနက် အသက် ၂၆ နှစ်အရွယ် ကိုလှိုင်ဝေဦးကို ပန်းဆက်ကျေးရွာရှိ စာသင်ကျောင်းအတွင်း၌ ဖမ်းဆီးခြင်းခံရသူများ ၏ ရှေ့၌ပင် ရိုက်နှက်၍ သတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။ မိခင်ဖြစ်သူ နေမကောင်းသည့်အတွက် ပန်းဆက်ကျေးရွာအနီးရှိ ယားရွာကို သားနှစ်ဦးမှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး မိခင် နှင့် သားနှစ်ဦး၊ အခြားအမျိုးသား နှစ်ဦး၊ စုစုပေါင်း ငါးဦးတို့ အတူပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မိခင်၏ရှေ့၌ပင် သားဖြစ်သူ ကိုလှိုင်ဝေဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် ရွာသား သုံးဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်ရွာသား တစ်ဦးနှင့်ပတ်သက်၍မူ ယနေ့ထိတိုင် သတင်းအစအန ကြားရခြင်းမရှိတော့ကြောင်း သိရှိရသည်။
ယမန်နေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် နေအိမ်တစ်အိမ်ကို အကြမ်းဖက် စစ်အုပ်စုမှ အရပ်ဝတ်များဖြင့် ဝင်ရောက် ရှာဖွေခဲ့ပြီး သားဖြစ်သူကို မတွေ့သောကြောင့် ဖခင်ဖြစ်သူ ဦးဝင်းဇော်ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသည့် NLD ပါတီမှ မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းကို ပဲခူးတိုင်း ဒေသကြီး၊ နတ်တလင်းမြို့၌ ဒေသခံရဲတပ်ဖွဲ့မှ ဩဂုတ်လ ၁၁ ရက်နေ့ ညအချိန်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 13, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 13 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 13 August 2021)