စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ဩဂုတ်လ ၁ဝ ရက်နေ့က ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ယနေ့တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိ သေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၆၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စုမှ ဝင်ရောက်စီးနင်းမှု နှင့်ပတ်သက်၍ တိုက်ပေါ်မှ ခုန်ချသွားခဲ့သည့်လူငယ်များအနက် မဝေဝေမြင့် (ခ) ပန်းသီးမှာ သေဆုံးသွားခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သဖြင့် ယနေ့ (ဩဂုတ် ၁၂) တွင် AAPP ၏ ကျဆုံးစာရင်း၌ ၎င်းကို ထည့်သွင်း ဖော်ပြထားပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်ရှိနေသော အချက်အလက်များအား ဆက်လက်စုံစမ်း အတည်ပြုနိုင်ပါက ထပ်မံ၍ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၅၆၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယမန်နေ့ (ဩဂုတ် ၁၁) နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့တွင် ကိုနိုင်လင်းဦး နှင့် မဂျူးမာ အပါအဝင် ပရဟိတသမား ငါးဦးကျော်သည် ချို့တဲ့သူများအတွက် ဆန်ဝေရန် စီစဉ်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို သိရှိရခြင်းမရှိကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။
PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံခြင်းခံထားရသည့် မန္တလေးမြို့မှ ကိုအောင်ကျော်ထက် (ခ) တရုတ်လေးကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် ဖျားနာနေသည့် ဇနီးဖြစ်သူ မပိုးအိခိုင်နှင့် တစ်နှစ်အရွယ် သမီးငယ်ကို အကြမ်းဖက်စစ်အုပ်စုမှ ဓားစာခံအဖြစ် ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်အကြာတွင် ကလေးငယ်ကို ပြန်လည် လွှတ်ပေးခဲ့သည်။ ကလေးငယ်ကို ပြန်လွှတ်သည့် ဩဂုတ်လ ၂ ရက်နေ့တွင် မိခင်နို့ အချိန်ပိုင်း တိုက်ကျွေးခွင့်ပြုမည်ဟု ရဲစခန်းက ပြောကြားသော်လည်း နောက်တစ်ရက်၌မူ မပိုးအိခိုင်တွင် ကိုဗစ်ဖြစ်နေပြီဟုဆိုကာ ပိတ်ပင်ခဲ့ပြီး ထိုနောက်ပိုင်း၌ ဇနီးဖြစ်သူနှင့်ပတ်သက်၍ စုံစမ်း၍မရတော့ကြောင်း ကိုအောင်ကျော်ထက်မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခြင်းခံထားရသော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက် NLDပါတီဝင် ရပ်ကျေးအတွင်းရေးမှူးဖြစ်သူ ကိုနေမျိုးအား အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ်လ ၅ ရက်နေ့ ညအချိန်က ၎င်း၏နေအိမ်၌ လာရောက် ရှာဖွေဖမ်းဆီးရာ မတွေ့ရှိသောကြောင့် ၎င်း၏တူဖြစ်သူ ကိုမြတ်နိုးလွင်အား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ပျံကျကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ကိုဟန်ထွန်းကို အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက လာရောက် ရှာဖွေဖမ်းဆီးရာ မတွေ့ရှိသောကြောင့် ၎င်း၏ မိဘ နှစ်ပါး နှင့် သားဖြစ်သူကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Aug 12, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 12 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 12 August 2021)