စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ် ဖလမ်းမြို့မှ အပြစ်မဲ့ပြည်သူ (၁) ဦး နှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၉၆၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၅၃၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယနေ့ (ဩဂုတ် ၁၀) နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် နေအိမ်အတွင်း၌ရှိနေသော အသက် ၆ဝ အရွယ်ရှိ Pi Ngeih Tling သည် ရင်ဘတ်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ (ဩဂုတ် ၉) နေ့လယ်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာမှ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ မောင်စန်းကိုအား အရပ်ဝတ်များ ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင် သုံးဦးမှ ပိုက်သင်ကျေးရွာရှိ ကိုဗစ် စစ်ဆေးရေးဂိတ်၌ ဝင်ရောက်ဖမ်းဆီးစဉ် လွတ်မြောက်သွား၍ ရွာအတွင်းသို့ ပစ်ခတ်၍ ဝင်ရောက်လာခဲ့ပြီး နေအိမ် အတွင်းမှ လေးဂွကိုင်၍ ထွက်ကြည့်သည့် ဒေသခံရွာသား ကိုအောင်ဇေယျအား လေးဂွကိုင်ထားသည်ဟုဆိုကာ ကားပေါ်ကို ဆွဲတင်၍ ခေါ်ဆောင်သွားခဲ့သည်။ ရွာထိပ်ရှိ ရေကန်အနီးအရောက်တွင် ကိုအောင်ဇေယျကို ကားပေါ်မှ ဆင်းခိုင်းပြီး ကန်အတွင်းသို့ ပြေးခိုင်းခဲ့သည်။ ကိုအောင်ဇေယျပြေးနေစဉ် နောက်မှနေ၍ ပစ်ခတ်ခဲ့သည့်အတွက် ကိုအောင်ဇေယျသည် နောက်ကျောကျည်ဖောက်ထွက် ဒဏ်ရာဖြင့် နေရာ၌ပင် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦး၏အဆိုအရ ကြားသိရသည်။
ဩဂုတ်လ ရ ရက်နေ့ နံနက်ပိုင်းတွင် သပြေကုန်းကျေးရွာရဲစခန်းမှ မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် ခြင်းခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာမှ ကိုဆန်းဝင်းသည် ပြင်းထန်ဒဏ်ရာများ ကြောင့် ယင်းနေ့ နေ့လယ် ၂ နာရီတွင် ဆေးရုံ၌ ကျဆုံးသွားခဲ့ကြောင်း မိသားစုထံ အကြောင်းကြားလာသည်ဟု သိရှိရသည်။ ကိုဆန်းဝင်း၏ ရုပ်အလောင်း၌ ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် ဒဏ်ရာများကို တွေ့ရှိရသည်။ ကိုဆန်းဝင်းနှင့်အတူ သပြေကုန်းကျေးရွာမှ ကိုဝင်းထွန်းနှင့် ကိုအောင်မြင့်ဦးတို့လည်း ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုနေ့တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယမန်နေ့ (ဩဂုတ် ၉) နံနက်ပိုင်းတွင် ကိုဆန်းဝင်း၏ မိသားစုထံသို့ သပြေကုန်းအုပ်စုအပိုင် နယ်ထိန်း​ကျော်ကျော်မောင်နှင့် အရပ်ဝတ်တစ်ဦးတို့ ရောက်ရှိလာပြီး ငွေကျပ်သိန်း ၃ဝ ဖြင့် ကြေအေးပေးရန်လာရောက်ညှိနှိုင်းခဲ့သည်ဟု သိရှိရသည်။ မိသားစုဝင်များမှ ကြေအေးပေးရန်အတွက် ညှိနှိုင်းခြင်းအား လက်ခံသွားမည်မဟုတ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Aug 10, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 10 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 10 August 2021)