စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မွန်ပြည်နယ်၊ ရေးမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၄၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၄၉၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မတ်လ ၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဆန္ဒထုတ်ဖော်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရကာ ကျိုက်မရောအကျဉ်းထောင်၌ ချုပ်နှောင်ခြင်းခံထားရသော ကိုပြေသိမ်းသည် ယမန်နေ့ (ဩဂုတ် ၄) တွင် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုပြေသိမ်းသည် ဆီးချိုရောဂါကြောင့် ကွယ်လွန်သွားသည်ဟု ရဲများမှ ပြောကြားသော်လည်း ကိုပြေသိမ်းတွင် ဆီးချိုရောဂါရှိသည်ဟု မကြားမိကြောင်း မိသားစု နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တောင်ဖြူကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က ထောင်ချောက်ဆင်ကာ ဖမ်းဆီးခြင်းခံခဲ့ရသည့် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၅ဝ ကျော်အနက် အဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုမျိုးချစ်သည် ကလေးမြို့စစ်ကြောရေး၌ ဩဂုတ်လ ၃ ရက်နေ့က ကျဆုံးသွားခဲ့ ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မိုးညှင်းမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း အား စစ်သားများနှင့်အတူ အရပ်ဝတ်များက ယမန်နေ့ (ဩဂုတ် ၄) နံနက် နှစ်နာရီဝန်းကျင်က ရိုက်နှက် ဖမ်းဆီးသွားခဲ့ ကြောင်း သိရှိရသည်။ ဒေါ်သက်ထားနှောင်းနှင့်အတူ ၎င်းနေထိုင်ရာအိမ်တွင်ရှိသူ ခြောက်ဦးခန့်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Aug 5, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 5 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 5 August 2021)