စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၉၄၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထား သည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၄၄၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယနေ့ (ဇူလိုင် ၃၁) နံနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနောက်ဘက်ရှိ ဆီးဒင်ယန် ကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စု နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မိုးကောင်းမြို့အနီးတွင် တပ်စွဲထားသော အမြောက်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီးဒင်ယန် ကျေးရွာမှ ဒေသခံရွာသား ဦးမိုးကျော်၏ ဦးခေါင်းကို ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ (ဇူလိုင် ၃၁) နံနက်အစောပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန္ဒထုတ်ဖော်နေသည့် မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်း လူစုခွဲ၍ အိမ်ပြန်ချိန်တွင် လူငယ် သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို အရပ်ဝတ်ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်တချို့မှ အိမ်စီးကားဖြင့် တိုက်၍ ဖမ်းဆီးခဲ့ရာ အသက် ၁ရ နှစ် အရွယ် မောင်ဇင်မျိုးခန့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။ ၎င်းပြင် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်ရှိ သပိတ်စစ်ကြောင်းအဖွဲ့ဝင်များ စုစည်းနေထိုင်ရာ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုမှ စီးနင်း၍ ပစ်ခတ်ဖမ်းဆီးခဲ့ သည်။ အဆိုပါပစ်ခတ်ဖမ်းဆီးမှုတွင် ကျည်ထိဒဏ်ရာရရှိသည့် လူငယ် တစ်ဦးအပါအဝင် ၁၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ကနဦး သိရှိရသည်။ ဖမ်းဆီးခြင်းခံထားရသည့် လူငယ်များမှာ မြတောင်၊ ဘုရားကြီး နှင့် မန္တလေးလူငယ်သပိတ် စစ်ကြောင်းများမှ လူငယ်များ ဖြစ်ကြောင်း သိရှိရသည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရန်ကုန်) နှင့် မြို့နယ်သပိတ်အင်အားစုများ စုပေါင်း၍ ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ချီတက်ဆန္ဒထုတ်ဖော်နေစဉ် အိမ်စီးကားဖြင့် ရောက်ရှိနေသော အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အကြမ်းဖက်စစ်အုပ်စုမှ သေနတ်ဖြင့် ပစ်ဖောက်၍ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ အဆိုပါ ဖြိုခွင်းမှုတွင် သပိတ်စစ်ကြောင်း၌ ပါဝင်သည့် လူငယ် သုံးဦးထက်မနည်း ရိုက်နှက် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for July 31, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 31 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 31 July 2021)