စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် နှင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၃၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထား သည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၃ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၄၄၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယမန်နေ့ (ဇူလိုင် ၂၉) ညနေပိုင်းက အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက်စစ်အုပ်စုမှ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အတွင်းရှိ ရွှေဝါဝင်းကျောင်းတိုက်၊ ဇမ္ဗူအေးစာချကျောင်းတိုက်၊ သာယာဝန်းကျောင်းတိုက်တို့ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ရွှေဝါဝင်းကျောင်းတိုက်၏ လက်ထောက်ဆရာတော် ဦးကောသလ၊ ဝိစာချကျောင်းတိုက်ဆရာတော် ဦးဩဘာသ နှင့် ကျောင်းသား နှစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရ သည်။ အကြမ်းဖက်စစ်အုပ်စုကမူ မြတောင်ကျောင်းတိုက်အတွင်း ဖောက်ခွဲရေးတာဝန်ခံ နေလဝင်း(ခ)နို့ဆီဘူးအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စွပ်စွဲထုတ်ပြန်ထားသည်။ ရွှေဝါဝင်းကျောင်းတိုက်အတွင်း မွှေနှောက် ရှာဖွေနေသည့်အချိန်၌ သေတ္တာများကို ရိုက်ဖွင့်သည့်အသံများ၊ အော်ဟစ်သံများနှင့် ကျောင်းတွင်ရှိသည့် အမျိုးသမီးတစ်ဦးကို ရိုက်နှက်သည့် အသံများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံထားရ၍ အောက်ဆီဂျင်ရှူနေရ သည့် ရွှေဝါဝင်းကျောင်းတိုက်ဆရာတော် ဦးပညာသီရိဘိဝံသသည် အမောဖောက်လာသည့်အတွက် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။
ယမန်နေ့ (ဇူလိုင် ၂၉) ညအချိန်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ နှင့် လဘန်ကျေးရွာကြားရှိ ခလရ ၅၈ ၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ခလရ ၅၈ တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ခလရ ၅၈ မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် လဘန်ကျေးရွာရှိ ကုမ္ပဏီဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့၍ ကုမ္ပဏီလုပ်သား ကိုအောင်းလီကို ထိမှန်ကာ ကျဆုံးသွားခဲ့ပြီး ကျန်အလုပ်သမား တစ်ဦးသည်လည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကြည့်ငိုတောင်တွင် ယမန်နေ့ (ဇူလိုင် ၂၉) က အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ထောင်ထားသည့် မိုင်းနင်းမိပြီး သစ်ညီနောင်ကျေးရွာမှ အရပ်သား နှစ်ဦးဖြစ်သည့် ကိုမင်းထိုက် နှင့် ကိုနိုင်မင်းတို့ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသွားသူများစာရင်း Recent Fatality List for July 30, 2021 (Burmese) (MP)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 30 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း  Release Lists ( Last Updated on 30 July 2021)