စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၂ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၃၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၃၈၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင်နေထိုင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမှုံကြီးကို အကြမ်းဖက် စစ်အုပ်စုမှ ယမန်နေ့ (ဇူလိုင် ၂၆) ညနေပိုင်းတွင် လာရောက် ဖမ်းဆီးရာ မတွေ့သဖြင့် ၎င်း၏ အစ်ကိုဖြစ်သူ ကိုသိန်းထွန်း၊ ဇနီးဖြစ်သူ မရွှေစင်ဦး နှင့် အသက် (၇) နှစ်အရွယ်ရှိ သမီးဖြစ်သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည့်အပြင် နေအိမ်ရှိ ကားဝပ်ရှော့မှ အလုပ်သမားများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရှိရသည်။ ကိုမှုံကြီး၏ ရ နှစ်အရွယ် သမီးဖြစ်သူအပါအဝင် ဖမ်ဆီးထားသူများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ ကိုသိန်းထွန်း နှင့် ဇနီးဖြစ်သူ မရွှေစင်ဦးတို့ကိုမူ ဆက်လက် ထိန်းသိမ်းထားကြောင်း သိရှိရသည်။ ထို့ပြင် ယမန်နေ့ (ဇူလိုင် ၂၆) ညပိုင်းက ရပ်ကွက်တွင်း သံပုံးတီးသည်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှ ပြည်သူ ငါးဦးဖြစ်ကြသည့် မမိဇံ၊ ဒေါ်သန်းတင်၊ ကိုအောင်ထက်သူ၊ ကိုအောင်ကျော်ဖြိုး နှင့် ကိုအေးကိုသန်းတို့ကို အကြမ်းဖက်စစ်အုပ်စုမှ နေအိမ်များ၌ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ Mytel ရုံး ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ အကြမ်းဖက် စစ်အုပ်စုမှ အသက် ၁၅ နှစ်အရွယ် မောင်ပြည်စုံမောင်ကို ဇူလိုင်လ ၁ရ ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုနေ့ကတည်းက မိသားစုမှာ မောင်ပြည့်စုံမောင်နှင့်အဆက်အသွယ်မရတော့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for July 27, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 27 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 27 July 2021)