စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် နှင့် ရွှေဘိုမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေး သည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၃၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၃၃၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် မတ်လကတည်းက ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရသော စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌဟောင်း ဒေါ်ခင်မာရီ (ခ) ဖွားချိုသည် ဆီးချိုရောဂါအခံရှိသူဖြစ်သည်။ ဖမ်းဆီးချုပ်နှောင်ထားစဉ် အတွင်း ဒေါ်ခင်မာရီ (ခ) ဖွားချိုအား ဆေးရုံတက်ရောက်၍ ဆေးကုသခံယူခွင့်မပြုသောကြောင့် ၎င်းသည် မင်းကင်း အချုပ်ခန်းအတွင်း ဆီးချိုတက်ပြီး နှလုံးရပ်ကာ ယမန်နေ့ (ဇူလိုင် ၂၁) တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇူလိုင် ၂၁) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များ စီးနင်းဝင်ရောက်ခဲ့ပြီး ကြောက်လန့်၍ထွက်ပြေးသော ဒေသခံရွာသား ဦးသိန်းတင့် ခေါ် ဂျစ်လိပ်အား ပစ်သတ်သွားခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနှင့် ၎င်း၏ သမီး နှစ်ဦးဖြစ်ကြသည့် သတင်းထောက် နန်းခင်ဘုန်းသွယ်၊ သတင်းထောက် မဆုမြတ်နိုးတို့ကို အကြမ်းဖက်စစ်အုပ်စုမှ ဇူလိုင်လ ၂ဝ ရက်နေ့ ညအချိန်က တောင်ကြီးမြို့ရှိ နေအိမ်၌ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for July 22, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Last Updated on 22 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 22 July 2021)