စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၅) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့် အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၁၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၂၉၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဇွန်လကတည်းက တပ်မ ၇၇ မှ ဖမ်းဆီး၍ စစ်ဆေးမေးမြန်းနေသော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်နေထိုင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနိုင်လင်းစိုး (ခ) ကိုရဲကြီးသည် စစ်ကြောရေးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းခံထားရ သဖြင့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဆေးရုံတင်ထားရပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်များထံအကြောင်းကြားလာသည်ဟု သိရှိရသည်။ ဇွန်လ ၁၄ ရက်နေ့တွင် ကိုနိုင်လင်းစိုး (ခ) ကိုရဲကြီး၏ ဇနီး ဖြစ်သူကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး ၎င်းနေထိုင်ရာနေရာသို့ အတင်းအကျပ်လိုက်ပြခိုင်းခဲ့သောကြောင့် ကိုနိုင်လင်းစိုးသည် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာကင်းစောင့်နေသည့် ရွာသား လေးဦးကို အကြောင်းမဲ့ ပစ်သတ်သွားခဲ့ သည်။ ကျဆုံးသွားခဲ့သည့် အဆိုပါ လူငယ်လေးဦးမှာ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနှင့် ကိုအောင်ဟိန်းကျော်တို့ဖြစ်ကြသည်။
ယမန်နေ့ (ဇူလိုင် ၁၈) ညအချိန်တွင် အကြမ်းဖက်စစ်အုပ်စုမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုအတွင်း ကို ဝင်ရောက်၍ တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် နှင့် ကိုအောင်မင်းဦးတို့အား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားအဖွဲ့ချုပ် မှ မန္တလေးတိုင်း ဥက္ကဌ ဦးလင်းထင်စိုးကို ယမန်နေ့ (ဇူလိုင် ၁၈) ညအချိန်က အကြမ်းဖက်စစ်အုပ်စုမှ နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၎င်း၏နေအိမ်ရှိ ငွေတချို့ နှင့် ကားကိုပါ သိမ်းဆည်းသွားသည်ဟု သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for July 19, 2021 (Burmese) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Last Updated on 19 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 19 July 2021)