စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၉၀၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေ နိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၂၀၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၄၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဇူလိုင်လ ၈ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ယင်းကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးလှပိုသည် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရ သောကြောင့် ဇူလိုင်လ ၉ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဦးလှပို၏ ရုပ်အလောင်းတစ်ခုလုံးတွင် ရိုက်နှက် ဒဏ်ရာများနှင့် ညိုမည်းနေသည်ဟု ဒေသခံတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူများကို ထောက်ပံ့ကူညီပေးနေသည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၎င်း၏ ထွက်ဆိုမှုကြောင့် အကြမ်းဖက်စစ်အုပ်စုမှ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာတွင် CDM ပြုလုပ်နေသည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်သား ခန့်ကိုကိုမောင်ကို ဇူလိုင်လ ၁ဝ ရက်နေ့ ညနေတွင် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရဲတပ်သား ခန့်ကိုကိုမောင်သည် ကျောကုန်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး နေရာတွင်ပင် ကျဆုံးသွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် ဇူလိုင်လ ၁ဝ ရက်နေ့က ကိုဗစ်ရောဂါအတွက် အောက်စီဂျင် လိုက်ရှာနေသည့် အရပ်သားတစ်ဦးဖြစ်သူ ကိုဖိုးဆယ်သည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခြင်းခံခဲ့ရသောကြောင့် ယင်းနေ့တွင်ပင် ကျဆုံးသွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်းRecent Fatality List for July 12, 2021 (Burmese) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List (Last Updated on 12 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease lists ( Last Updated on 12 July 2021)
ဖမ်းဝရမ်းထုတ်ပြန်ခံထားရသူများစာရင်းIssue Warrant Lists ( Last Updated on 12 July 2021)