စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၃ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ နေ့စဉ် ထုတ်ပြန်ချက်၊ အဖမ်းအဆီးစာရင်း နှင့် ကျဆုံးစာရင်းများကို ဇူလိုင်လ ၄ ရက် (တနင်္ဂနွေနေ့) မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ထုတ်ပြန်မှုကို ရပ်နားသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၉၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေ နိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၀၈၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦးအပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယမန်နေ့ (ဇူလိုင် ၂) ညအချိန်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေအဖွဲ့ဖြစ်သော ပျူစောထီးအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မြင်းခြံမြို့နယ် အလုပ်အမှုဆောင်ဟောင်းများဖြစ်ကြသည့် ပုဂ္ဂလိကကျောင်းအထက်တန်းပြဆရာ ဦးမိုးဟိန်း နှင့် ဇနီးသည် ဒေါ်စုစုလှိုင်တို့ကို ပစ်သတ်သွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် သူနာပြုတစ်ဦးသူ မပွင့်ဝေကို ရဲများမှ ယမန်နေ့ (ဇူလိုင် ၂) ညနေပိုင်းက ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခြင်းခံထားရသော Bago Weekly ဂျာနယ်မှ ကိုငြိမ်းချမ်းဝေသည် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) ဖြင့် ဇွန်လ ၂၉ ရက်နေ့တွင် ထပ်တိုးတရားစွဲဆိုခြင်းခံထားရကြောင်း သိရှိရသည်။ ကိုငြိမ်းချမ်းဝေသည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်ရှိ နေအိမ်၌ မေလ ၁၄ ရက်နေ့ ညအချိန်က ဖမ်းဆီးခြင်းခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Jul 3, 2021 (Burmese)f
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Burmese – Last Updated on 3 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists (Burmese – Last Updated on 3 July 2021)