ဥပဒေမဲ့ ခြိမ်းခြောက်ခြင်းကို ရင်ဆိုင်နေရသော ဥပဒေအကျိုးဆောင်များ

ဇူလိုင်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။
တရားမျှတမှုအတွက် ကိုယ်စားပြုဆောင်ကျဉ်းပေးနေသော်လည်း မိမိကိုယ်တိုင် တရားမျှတမှုနှင့် အလှမ်းဝေး နေဆဲဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသော လူတန်းစားတစ်ရပ် မြန်မာနိုင်ငံတွင် ရှိနေသည်။
တိုင်းပြည်အာဏာကို စစ်တပ်က သုံးကြိမ်မြောက် ပြောင်ပြောင်တင်းတင်း နိုင့်ထက်စီးနင်းရယူသွားပြီးသည့် နောက် ထောင်ပေါင်းများစွာသော ရဟန်းရှင်လူပြည်သူများမှာ တရားလက်လွတ်ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ အသက်သေဆုံးသည်အထိ အဆိုးဝါးဆုံး ရက်စက်ကြမ်းကြုတ်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင် ကြုံတွေ့ရလျက်ရှိနေသည်။ ထိုကဲ့သို့ ဖမ်းဆီးမှုများ၊ ဥပဒေမဲ့ ခြိမ်းခြောက်မှုများကို အများပြည်သူနည်းတူ ခံစားနေ ကြရသူများထဲတွင် တရားဥပဒေရှေ့မှောက်၌ မျှတသော အခွင့်အလမ်းများရရှိအောင် ကိုယ်စားပြုဖော်ဆောင် ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေများလည်း အပါအဝင်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းကောက်ယူမှုများအရ အာဏာ သိမ်းမှုဖြစ်စဉ်စသည့် ဖေဖော်ဝါရီလမှ ဇွန်လအထိ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် ရှေ့‌နေ (၁၇) ဦး ရှိနေသည်။
ထိုသူများထဲတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသူများ၊ နေအိမ်တွင် အကြမ်း ဖက်ဖမ်းဆီးခံရသူများ ပါဝင်သည့်အပြင် မတရားဖမ်းဆီးခံရကာ အမှုရင်ဆိုင်နေကြရသူများ၏ ကိုယ်စားလှယ် အကျိုးဆောင်အဖြစ် လိုက်ပါကူညီ ဆောင်ရွက်ပေးနေစဉ် တရားရုံး၏ တရားခွင်အတွင်းမှာပင် ဖမ်းဆီး ခေါ်ဆောင်ကာ အကျဉ်းထောင်သို့ပို့၍ တရားစွဲဆိုခံခဲ့ရသူလည်း ပါဝင်သည်။ ထို့ပြင် ဓားစာခံအဖြစ် ဖမ်းဆီးခံရ သည့် ရှေ့နေလည်းပါဝင်ခဲ့သည်။
 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ နိုင်ငံရေးအကျဉ်းသားများ၏အမှုများကို ဥပဒေအကျိုးဆောင် အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်ကို မေလ ၂ရ ရက် ညနေပိုင်းတွင် ဟင်္သာတခရိုင်တရားရုံး၌ အမှုလိုက်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဟင်္သာတထောင်သို့ပို့ဆောင်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည်။
 ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၌ နေထိုင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် သားဖြစ်သူ တရားသူကြီးကို လာရောက်ဖမ်းဆီးရာမှ မတွေ့ရှိသည့်အတွက် မိခင်ဖြစ်သူ ရှေ့နေ ဒေါ်ဝေဝေခိုင် အပါအဝင် မိသားစုဝင် ၈ ဦးကို ဓားစာခံအဖြစ် အကြမ်းဖက်ဖမ်းဆီးမှုများမှာလည်း ယခု ရက်ပိုင်းအတွင်းကပင် ဖြစ်ပွားခဲ့သည်။

 ရှေ့နေဦးသိန်းလှိုင်ထွန်းသည် မေလ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်၏ အမှုကို လိုက်ပါဆောင်ရွက်ခဲ့ရာ တရားခွင်အပြီး ပြန်အထွက်တွင် စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ ရသည်။
အာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံလုံးအနှံ့ အပြစ်မဲ့အရပ်သားပြည်သူများကို တရားလက်လွတ် ဖမ်းဆီးခြင်း များနှင့်အတူ မတရားသောဥပဒေပုဒ်မများဖြင့် တရားစွဲဆိုမှုများ ဆက်တိုက်လိုလိုပြုလုပ်လျက်ရှိသည့်အပြင် ဖမ်းဆီးခံများကို ဥပဒေကြောင်းအရ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေများကိုပါ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးခြင်းများကြောင့် အချို့ဒေသများတွင် အထိန်းသိမ်းခံများအတွက် ကိုယ်စားလှယ် ရှေ့နေ အဖြစ် ကူညီပေးမည့်သူခက်ခဲသည့် အခြေအနေများပင် ရောက်ရှိနေကြသည်။
ကိုယ်စားလှယ်အဖြစ်လိုက်ပါဆောင်ရွက်နေကြသည့် ရှေ့နေများမှာ အမှုများ အဆမတန်များပြားသည့်အပြင် တရားရုံးချိန်းအချိန်ကို အချိန်တိကျစွာမသိရဘဲ ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ရှိနေသည်။ အမှုသည်နှင့် လွတ်လပ်စွာ ဆွေးနွေးပြောဆိုရန်မှာ တရားရုံးများကို အကျဉ်းထောင်များအတွင်း ဖွင့်လှစ်ထားခြင်းကြောင့် အများကြားနာနိုင်သည့် တရားခွင်မဟုတ်သည့်အပြင် အမှုသည်အား မေးခွန်းမေးမြန်းရာတွင်လည်း ပိတ်ပင် တားဆီးမှုများ ရှိနေသည်။
ထို့အပြင် အချို့အမှုသည်များကို တရားခွင်မတိုင်မီ ရိုက်နှက်နှိပ်စက်မှုများ၊ အတင်းအကျပ် ဝန်ခံထွက်ဆို ခိုင်းခြင်းများကြောင့် မျှတသော တရားခွင်ဆိုင်ရာ အခွင့်အရေးများရရှိရန်မှာလည်း ရှေ့နေများအတွက် ခက်ခဲမှု တစ်ခု ဖြစ်နေစေသလို တရားခွင်အတွင်း ရဲများနှင့် အာဏာပိုင်များ၏ စောင့်ကြည့်မှုကို ခံနေရပြီး တရားမျှတစွာ စစ်ဆေးပေးနိုင်မှုမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရလျက်ရှိသည်။
တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ယူထားသည့် ရဲများ၊ တရားသူကြီးများနှင့် အကျဉ်းထောင် ဝန်ထမ်း များကလည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့်အပြင် ဘက်လိုက်မှုများရှိခြင်း၊ ထွက်ဆိုချက်များကို ကောင်း မွန်စွာ မပေးခြင်းများလည်း ရှိနေသည်။ ထို့ပြင် လူ့အခွင့်အရေးနှင့် စွပ်စွဲခံများ၏ အခွင့်အရေး ဆုံးရှုံးနေရမှုများကို ဥပဒေအရ အရေးဆိုခွင့်မရှိဘဲ အမှုများကို လိုက်ပါဆောင်ရွက်နေကြရသည်။
အဆိုးဝါးဆုံးကိစ္စရပ်မှာ ရှေ့နေများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲမည်ဟု ခြိမ်း ခြောက်ခြင်းနှင့် ရှေ့နေအချို့ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းပင် ဖြစ်သည်။ စစ်တပ်မှ နိုင်ငံတော် အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်သိမ်းယူပြီးနောက် ပြည်သူများစွာကို ဖမ်းဆီးထိန်းသိမ်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံများကို မိသားစုနှင့်အဆက်အသွယ်များ ဖြတ်တောက်ထားခဲ့ရာ ရှေ့နေများမှာ ဖမ်းဆီးခံ များ၏ ထောင်တွင်းအခြေအနေကို အများပြည်သူရှေ့မှောက်သို့ သယ်ဆောင်ပေးလာနိုင်သည့် တစ်ခုတည်းသော နားမျက်စိများ ဖြစ်သည်။ ထို့အပြင် တရားမျှတမှုကို လက်လှမ်းမီစေရန် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များလည်း ဖြစ်သည့်အလျောက် ရှေ့နေများကို မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ အကြမ်းဖက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့မှာ တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင်ဖြစ်သည်။
မှန်ကန်သောရုံးတင်စစ်ဆေးခြင်းနှင့်ခုခံပိုင်ခွင့်အား ဂျီနီဗာသဘောတူစာချုပ် ၄ ခုစလုံးတွင် ဖော်ပြထားသည်။ ၎င်းသည် နိုင်ငံတကာဥပဒေ၏ အထွဋ်အထိပ် ဥပဒေတစ်ရပ်ဖြစ်သည်။
ထို့အပြင် “ရှေ့နေများ၏အခန်းကဏ္ဍအခြေခံစည်းမျဉ်းများ”အား ၁၉၉ဝခုနှစ်တွင် ကုလသမဂ္ဂညီလာခံက အတည် ပြုထားပြီးဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသောသူများအနေနှင့် တရားဝင်ဥပဒေမူများအရ ရှေ့နေများနှင့် တရားရေးဝန်ဆောင်မှုများကို အသုံးပြုခွင့် ရယူခွင့်ရှိရမည်ဖြစ်သည်။ ထိုအခွင့်အရေးများအား စစ်အုပ်စုမှ စနစ်တကျပိတ်ဆို့ထားသည်။ ထို့အပြင် ရှေ့နေများမှာ ၎င်းတို့၏ အမှုသည်များ၊ စွဲချက်တင်မှုများ၊ တရားရုံးတွင် တင်သွင်းမည့် သက်သေခံအထောက်အထားများနှင့် ရုံးချိန်းစစ်ဆေးမည့်နေ့ရက်၊အချိန်စသည့် အချက်အလက် များအား ကြိုတင်သိမြင်ထားခြင်း မရှိခဲ့ပါ။
နိုင်ငံများအနေဖြင့် မဖြစ်မနေလိုက်နာရမည့် စံသတ်မှတ်ချက်ပါဝင်သည့် ဥပဒေပညာရှင်များကို အကာ အကွယ်ပေးသော နိုင်ငံတကာစာချုပ်စာတမ်းများနှင့် စံချိန်စံညွှန်းအချို့ရှိနေသည်။ သို့ရာတွင် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ဥပဒေများကို မျက်ကွယ်ပြုလျက် ရှိသည်။
နွေဦးတော်လှန်ရေးကို ပြည်သူလူထုတစ်ခုလုံးက ထောက်ခံခဲ့ကြပြီး စစ်အုပ်စုမှလည်း နေ့စဉ်နှင့်အမျှ အရပ်သား များအား အကြမ်းဖက်နေဆဲ ဖြစ်သည်။ ထို့အတူ ရှေ့နေများ၊ ဆရာ၊ ဆရာမများနှင့် ဆရာဝန်များ စသဖြင့် အဖိနှိပ်ခံများအနေဖြင့် ဥပဒေကြောင်းဆိုင်ရာများအား သိရှိနားလည်ရန်လည်းလိုအပ်သည်။
မရှိမဖြစ်လိုအပ်သော တရားဥပဒေနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များအား မည်သည့်လူ့အဖွဲ့အစည်းများတွင် မဆို ရှေ့နေများမှ ဖြည့်ဆည်းလုပ်ဆောင်နေကြသူများ ဖြစ်သည်။ AAPP အနေနှင့် လက်ရှိ အာဏာသိမ်း စစ်အုပ်စုမှ ပြည်သူများအား ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အခြားသောမျိုးတုန်းသတ်ဖြတ်မှုများအပြင် ပြည်သူလူထု၏ အသိဉာဏ်ပညာအတွေးအခေါ်များ ဆုတ်ယုတ်ပျက်စီးစေရန် ကျူးလွန်နေမှုများကို ယခင် အာဏာရှင်များနှင့် ထပ်တူ ကျူးလွန်နေသည်ဟု ယုံကြည်ပါသည်။ ပြစ်မှူများအား ကျူးလွန်ထားသည့် စစ်အုပ်စု အနေဖြင့် လာမည့်ကုလသမဂ္ဂအထွေထွေညီလာခံ၌ နေရာတစ်နေရာအတွက် မည်သို့သောအခြေနေတွင်မှ စဉ်းစား လက်ခံနိုင်ရန်မဖြစ်နိုင်ပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

အပတ်စဉ်စတိတ်မန့်အားဒေါင်းလော့ယူရန် Burmese
ဖမ်းဆီးခံထားရသည့်ရှေ့နေများစာရင်း Detained Lawyer List (2-Jul-2021)