စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်က ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၈၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေ နိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၃ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၂၁၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၂၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၅) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၄၀) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ၊ (၂၅) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၇) နှစ်စီ၊ (၁) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုမှ မတရား ဖမ်းဆီး၊တရားစွဲဆိုထားသော မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်အသီးသီးမှ ကျောင်းသား၊ ပြည်သူ နှစ်ထောင်ကျော်အား ယနေ့ (ဇွန် ၃၀) တွင် လွှတ်ပေးမည်ဟု အကြမ်းဖက် စစ်အုပ်စုမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။ လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အရပ်သားတစ်ဦးဖြစ်သူ ကိုဝေဖြိုးအောင်သည် မြေယာအငြင်းပွားမှုဖြစ်စဉ်အား သွားရောက်ကြည့်ရှုစဉ် အကြမ်းဖက်စစ်အုပ်မှ ပစ်ခတ်ခဲ့ခြင်း ကြောင့် နေရာတွင်ပင် ကျဆုံးသွားခဲ့သည်။ ၎င်း၏ရုပ်အလောင်းအား အကြမ်းဖက်စစ်အုပ်စုမှ ယူဆောင်သွားခဲ့ပြီး မိသားစုအား ဓာတ်ပုံသာပြသခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော တရားသူကြီး ကို ဖမ်းဆီးရန် နေအိမ်၌ ဝင်ရောက်ရှာဖွေရာ မတွေ့ရှိသောကြောင့် မိခင်ဖြစ်သူ ရှေ့နေ ဒေါ်ဝေဝေခိုင် အပါအဝင် မိသားစုဝင် ရှစ်ဦးကို ယမန်နေ့ (ဇွန် ၂၉) နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့်အတွက် ဖမ်းဆီးခြင်းခံထားရသော မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ဂျော်နီ(ခ)သူရအား ဇွန်လ ရ ရက်နေ့တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်ဟု သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for June 30, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Burmese – Last Updated on 30 June 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists (Burmese – Last Updated on 30 June 2021)