စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၈၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၁၇၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၄၀) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ၊ (၂၅) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ၊ (၁) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဇွန် ၂၆) နံနက်ပိုင်းတွင် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနမှ သတင်းထောက် ကိုဒီမြတ်ငြိမ်းကို အကြမ်းဖက်စစ်အုပ်စုမှ နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ (ဇွန် ၂၅) ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ရဲ နှင့် စစ်သားများမှ ဧည့်စာရင်းစစ် ဟန်ဆောင်၍ လူငယ် ခုနှစ်ဦးဖြစ်ကြသော ကိုဟိန်းသန့်ဇင်၊ ကိုသီဟထွန်း၊ ကိုဟိန်းမင်းဦး၊ မစံပယ်ထူး၊ ကိုအောင်ပိုင်၊ ကိုဝေဖြိုးအောင်နှင့် ကိုအောင်ထက်တို့ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရပ်ကျေးဥက္ကဌ ဒေါ်သန်းသန်းအေးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ဇွန်လ ၂၄ ရက်နေ့ ညအချိန်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်းပြင် အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခြင်းခံခဲ့ရဖူးသည့် ဗိုလ်မှူးဟောင်းကျော်စွာဝင်းကို ဇွန်လ ၂၂ ရက်နေ့တွင် ပြင်ဦးလွင်ရှိ နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ (ဇွန် ၂၅) တွင် မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာ ထောင်တွင်းတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ခြင်းခံထားရသော သာစည်မြို့နယ် NLD အလုပ်အမှုဆောင် ဦးသော်ကြီးအား ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်ဟု သိရှိရ သည်။
တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၆ဝ ကျော်သည် အကျဉ်းထောင်အတွင်း၌ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ရက်လျှင် ၈ နာရီတိတိ၊ စနေ နှင့် တနင်္ဂနွေနေ့ များတွင် ၁ဝ နာရီအထိ အဓမ္မအလုပ်စေခိုင်းခြင်း ခံနေကြရသည်ဟု သိရရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for June 26, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Burmese – Last Updated on 26 June 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists (Burmese – Last Updated on 26 June 2021)