အာဏာသိမ်း စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သွေးမြေကျခဲ့သည့် ကလေးသူငယ်များ

ဇွန်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်

အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလက မတရားလုယူ သိမ်းပိုက်ပြီးချိန်မှစ၍ အာဏာသိမ်းစစ်အုပ်စုသည် အပြစ်မဲ့ ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ ပစ်သတ်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက်ရှိသည်။ ထိုအထဲတွင် လူမမယ် ကလေးငယ်များအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်လည်းများစွာ ပါဝင်ခဲ့သည်။
အေအေပီပီ၏ လက်လှမ်းမီသလောက် ကောက်ယူမှတ်တမ်းတင်ထားသော စာရင်းအရ စစ်အာဏာသိမ်း သည့်နေ့မှ ယနေ့အထိ အသက် ၁၈နှစ်နှင့် ၁၈ နှစ်အောက် ကလေး စုစုပေါင်း ၇၂ ဦး ရှိပြီဖြစ်သည်။ အမှန်တကယ် သေဆုံးသူမှာ ထိုထက်များမည်ဖြစ်သည်။ တိုင်းရင်းသား ဒေသများတွင် လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ထိမှန်သေဆုံးခဲ့ရသူများအမည်နှင့်အရေအတွက်တို့ကို သေချာစွာ မသိရှိရသေးသည့်အတွက် ထိုစာရင်းထဲတွင် ထည့်သွင်းနိုင်ခြင်းမရှိသေးပါ။ ထိုသို့သေဆုံးသူများတွင် အငယ်ဆုံး အသက် ၁ နှစ်ကျော် ကလေးအထိ ပါဝင်ခဲ့သည်။
တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ကလေးသူငယ်များ သေဆုံးခဲ့ရခြင်းဖြစ်သည်။ မန္တလေးတိုင်းတွင် အများဆုံး သေဆုံးခဲ့ရပြီး ၂၃ ဦး အထိရှိခဲ့သည်။ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး ၂ဝ ဦးသေဆုံးခဲ့ရသည်။ မတ်လ တစ်လတည်းတွင် ၄၈ ဦး သေဆုံးခဲ့ရသည်။ သေဆုံးသူကလေးသူငယ် ၇၂ ဦးတွင် ၁၁ ဦးမှာ ဦးခေါင်း တည့်တည့်သို့ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။
မောင်ဝေယံထွန်း(၁၆နှစ်)သည်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် မန္တလေးမြို့၌ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သောအလုပ်သမားများအား ဖမ်းဆီးခြင်းကိုရပ်တန့်ရန်အတွက် သင်္ဘောကျင်းတွင် ဆန္ဒပြ ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများကို သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းချိန်တွင် ပြည်သူတစ်ဦး အား သေနတ်ထိမှန်ခဲ့သည်။ ထိုသူအား အနီးအနားရှိပြည်သူများက လက်တွန်းလှည်းဖြင့် တင်ဆောင် ကယ်တင် ခေါ်ယူသွားခဲ့စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်တွန်း လှည်း ကူတွန်းပေးနေသူ မောင်ဝေယံထွန်း၏ ဦးခေါင်းအား သေနတ်ထိမှန်၍ ထိုနေ့တွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
မောင်ခန့်ညားဟိန်း (၁ရနှစ်)၊ ပထမနှစ် ဆေးတက္ကသိုလ်‌ ကျောင်းသားသည် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၌ စစ်အာဏာသိမ်းမှု ဆန္ဒထုတ်ဖော်ရာတွင် ဒိုင်းကာအဖြစ် ဆန္ဒထုတ်ဖော်သူများ ရှေ့မှ ကာရံပေးခဲ့သူဖြစ်သည်။ စစ်အုပ်စု တပ်ဖွဲ့မှ ပစ်ခတ်ခဲ့ပြီး ဒရွတ်တိုက် ဆွဲခေါ်ဖမ်းဆီးသွားခြင်းခံခဲ့ ရသည်။ မောင်ခန့်ညားဟိန်းမှာ ထိုနေ့တွင်ပင် သေဆုံးသွားခဲ့ရသည်။ ခန့်ညားဟိန်း ပစ်ခတ်ခံရ၍ လဲကျနေစဉ် ဝင်ရောက်ကူညီသည့် အမျိုးသမီးငယ်ကိုလည်း စစ်အုပ်စု တပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။
မအေးမြတ်သူ (၁၁ နှစ်)၊ စတုတ္ထတန်းကျောင်းသူ သည် မတ်လ ၂ရ ရက်နေ့တွင် မော်လမြိုင်မြို့ ၊ သုခဝတီ ရပ်ကွက်၊ သူမ၏ အိမ်ရှေ့တွင် ဆော့ကစားနေစဉ် အာဏာသိမ်းစစ်အုပ်စု၏ ရမ်းကားပစ်ခတ်မှုဖြင့် နားထင်ကို သေနတ်မှန်ခဲ့ပြီး တစ်နာရီအတွင်း သေဆုံးသွားခဲ့ရသည်။
မောင်အောင်ကျော်ထွေး (၁ရ နှစ်) သည် သူငယ်ချင်းဖြစ်သူနှင့်အတူ ဇွန်လ ၆ ရက်နေ့တွင် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် မန္တလေးမြို့ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် ပုသိမ်ကြီး လမ်းဆုံတွင် အကြောင်းမဲ့ စစ်ကားဖြင့်ဝင်တိုက်ခံခဲ့ရကာ ထိုညတွင်ပင် နှစ်ဦးစလုံး သေဆုံးခဲ့ရသည်။ မောင်အောင်ကျော်ထွေး၏ ရုပ်အလောင်းကိုပြန်ရခဲ့သော်လည်း အတူပါ သူငယ်ချင်းတစ်ဦး (အသက် ၁၈ နှစ်ခန့်) သည် ပိုင်ရှင်မပေါ်ဘဲ အမည်လည်း ယခုအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိခဲ့သေးပါ။
မမိုးသန္တာအောင် ၁ နှစ် ၆လ အရွယ် ကလေးငယ်သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေထိုင်ပြီး နာမကျန်း ဖြစ်နေ၍ ဇွန်လ ၁၉ ရက်နေ့ ည ၉ နာရီခန့်တွင် ဖခင်ဖြစ်သူက ကလေးအား ဆေးခန်းသို့ သွားပြပြီး အပြန်တွင် စစ်အုပ်စုယာဉ်တန်းဖြင့် ဆုံခဲ့စဉ် ဆိုင်ကယ်အားရပ်ခိုင်းရာ ကလေးတစ်ဖက်ပွေ့ချီထား၍ ရုတ်တရက် ရပ်မပေးနိုင်သည်ကို ဆိုင်ကယ်အား ကျိုင်းတုံမြို့နယ် အထွေထွေဦးစီးဌာန ဒုတိယဦးစီးမှုးကားဖြင့် တိုက်၍ ဖမ်းဆီးခဲ့သည်။ ဖခင်ရော သမီးပါ ဒဏ်ရာရရှိခဲ့၍ သမီးဖြစ်သူ မမိုးသန္တာအောင်မှာ လွင့်စင်ထွက်သွားပြီး ပြင်းထန်စွာဒဏ်ရာရှိကာ မိနစ်အနည်းငယ်အတွင်း သေဆုံးခဲ့ရသည်။
ထိုသို့ ကလေးငယ်များကို ရမ်းကားပစ်ခတ်၊ သတ်ဖြတ်မှုများသည် ဥပဒေအရရော၊ လူ့သားကျင့်ဝတ်အရပါ မည်သည့်အကြောင်းနှင့်မျှ ခွင့်လွှတ်၍ မရနိုင်သည့် လူမဆန်သည့် ကျူးလွန်မှုပင်ဖြစ်သည်။ ဤသည်မှာ အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများဖြင့် ဆက်လက် ဖိနှိပ် ကျင့်သုံးသွားမည်ကို သက်သေပြလျှက်ရှိသည်။
ကလေးသူငယ်များနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် များကို မြန်မာနိုင်ငံမှ အောက်ပါ အတိုင်း သဘောတူ လက်မှတ်ထိုးခြင်းများပြုလုပ်ခဲ့သည်။
ကလေးသူငယ် အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (CRC) ကို မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ထိုးခဲ့သည်။ ကလေးရောင်းစားခြင်း၊ ကလေးပြည့်တန်ဆာနှင့် ကလေးညစ်ညမ်း ရုပ်ပုံဆိုင်ရာ ကလေးသူငယ်အခွင့်အရေး နောက်ဆက်တွဲ သဘောတူစာချုပ် (CRC – OP – SC) ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုလက်မှတ်ထိုးခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်ပါဝင်ပတ်သက်ခြင်းဆိုင်ရာ ကလေးသူငယ်အခွင့်အရေး နောက်ဆက်တွဲ သဘောတူ စာချုပ် (CRC – OP – AC) ကို ၂၀၁၅ ခုနှစ်တွင် ပဏာမ လက်မှတ်ထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အတည်ပြုလက်မှတ်ထိုးခဲ့သည်။ ဆက်သွယ်ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများဆိုင်ရာ ကလေး သူငယ်အခွင့်အရေး နောက်ဆက်တွဲ သဘောတူစာချုပ် (CRC – OP3- IC) ကို ယနေ့အချိန်အထိ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပါ။
မြန်မာနိုင်ငံ ပြည်တွင်းကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွင်လည်း ကလေးများနှင့်ပတ်သက်၍ လက်နက်ကိုင် ပဋိပက္ခအတွင်း၌ပင် ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းသည် ပြစ်မှုကျူးလွန်ရာရောက်ကြောင်း ပြဌာန်းထားသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စွမ်းဆောင်မှုများကို ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းများအနေဖြင့် ၎င်း၏လူ့အခွင့်အရေးစနစ်ယန္တရားများဖြင့် ပုံမှန် စစ်ဆေးလေ့လာလျှက်ရှိသည်။ ကုလ သမဂ္ဂအထွေထွေညီလာခံ (UNGA) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) တို့သည် မြန်မာ နိုင်ငံနှင့် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ပြီး ဖြစ်သည်။ ၁၉၉၂ ခုနှစ်ကတည်းကစ၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) သည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဖောက်ဖျက်မှု အချက်အလက် မှတ်တမ်းများကို စုစည်းပြုစုခဲ့သည်။ ကမာ္ဘ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်မှု လုပ်ငန်းစဉ် (UPR) သည်လည်း မြန်မာနိုင်ငံ ကလေးသူငယ်များ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ တိုက်တွန်း အကြံပြုချက်များစွာ ချမှတ်ပေးခဲ့သည်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် (UNICEF) သည်လည်း မြန်မာနိုင်ငံ ကလေးသူငယ်များနှင့် ပတ်သက်၍ မှတ်တမ်းများ ပြုစု၍ အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအတွက် အထူးဖွဲစည်း ထားသည့် ၂၀၁ရ ခုနှစ် မတ်လတွင် ဖွဲစည်းခဲ့ပြီးခဲ့သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သီးသန့် လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) နှင့် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့၏ မှတ်တမ်း၊ အစီရင်ခံစာတို့တွင်လည်း ကလေး သူငယ်နှင့်ပတ်သက်၍ အချက်အလက်များစွာ ရယူ မှတ်တမ်းတင်၍ အစီရင်ခံစာများ ထုတ်ပြန်လျှက်ရှိသည်။ ထို့ပြင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International), လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW)၊ ICRC ကဲ့သို့သော လွတ်လပ်သည့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ကလည်း မြန်မာနိုင်ငံ၏ ကလေးသူငယ်များနှင့်ပတ်သက်သည့် မှတ်တမ်း အစီရင်ခံစာများကို ထုတ်ပြန်လျှက်ရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးမှတ်တမ်းတင်သည့် အဖွဲ့အစည်းများမှလည်း ထိုသို့ကလေး သူငယ်နှင့် ပတ်သက်သည့် အစီရင်ခံစာများ မှတ်တမ်းပြုစု၍ အစီရင်ခံစာများ အခါအားလျော်စွာ ထုတ်ပြန်ခြင်းများ၊ တိုက်တွန်းအကြံပြုခြင်းများ ပြုလုပ်လျှက်ရှိသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် အထက်ပါကဲ့သို့ နိုင်ငံတကာ ဥပဒေများအား လက်မှတ်ထိုးထားပြီး ပြည်တွင်းဥပဒေများ ပြဌာန်းထားသော်လည်း ယခုအခါ တရားရုံးများအပါအဝင် ကလေးသူငယ်များကို အကာအကွယ်ပေးမည့် ယန္တရားများအားလုံးကို စစ်အုပ်စုမှ ထိန်းချုပ်ထားပြီး ကလေးသူငယ်များမှာ ဥပဒေ၏ အကာအကွယ်မရသည့်အပြင် စစ်အုပ်စု၏ ရမ်းကားမှုအောက်တွင် အသက်ရှင်သန်ခွင့်ကိုပါ တားမြစ်ခြင်း ခံနေကြရသည်။
ထို့ကြောင့် အထက်ပါ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ စစ်အုပ်စုမှ ကလေးသူငယ်များအပေါ် ရက်စက်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများကို ထိရောက်စွာ ကိုင်တွယ် အရေးယူရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းမှ အလေး အနက် တိုက် တွန်း လိုက်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

အစီရင်ခံစာအပြည့်အစုံဒေါင်းရန် Burmese
နွေဦးတော်လှန်ရေးကာလကျဆုံးသွားသည့် ကလေးသူငယ်များစာရင်း Child Fatality_Burmese 72