အာဏာသိမ်းစစ်အုပ်စု၏ ရမ်းကား ပစ်ခတ်မှုများအောက် အသက်ဆုံးရှုံးနေရမှုများ

ဇွန်လ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူချိန်မှစ၍ နိုင်ငံတွင်းရှိ အများပြည်သူများ၏ လုံခြုံရေးမှာ လုံးဝ ကင်းမဲ့သွားခဲ့သည်။ နိုင်ငံအနှံ့တွင်စစ်အုပ်စု လက်ကိုင်တုတ်များဖြစ်သည့် စစ်သားနှင့်ရဲများ၏ လက်နက်အားကိုးဖြင့် ရမ်းကား ပစ်ခတ်မှုများကြောင့် ကလေးများ၊ သက်ကြီးရွယ်အိုများအပါအဝင် မြောက်မြားစွာသော အပြစ်မဲ့ ပြည်သူများ အသက်ဆုံးရှုံးခဲ့ကြရသည်။ ထို့ပြင် ထိုသို့ စိတ်ထင်တိုင်း ရမ်းကား ပစ်ခတ်မှုများသည် လမ်းပန်းဆက်သွယ်မှု၊ သတင်းရယူနိုင်မှု ဝေးကွာသော တိုင်းရင်းသားဒေသများတွင် ပို၍များပြားစွာ တွေ့ရှိရသည်။
ကချင်၊ ကရင်၊ ကရင်နီ၊ ၊ ရှမ်းပြည်မြောက်ပိုင်း၊ တနင်္သာရီဒေသ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်း စသော တိုင်းရင်းသား ဒေသများတွင် ထိုသို့ ရမ်းကားမှုများ ပိုမိုပြုလုပ်ခဲ့ကြောင်း သတင်း၊ မှတ်တမ်းများအရ သိရှိခဲ့ရသည်။ ထို့ပြင် အခြားသော ရန်ကုန်၊ မန္တလေး မြို့ကြီးများနှင့် အခြားသော တိုင်းဒေသကြီးများတွင်လည်း ထိုသို့ကျူးလွန်မှုများ ရှိနေသည်။
ကရင်နီဒေသ တွင် စစ်အုပ်စုမှ လေယာဉ်များ၊ သံချပ်ကာကားများသုံးကာ လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးခဲ့ကြရသည်။ တိုးတက်သောကရင်နီပြည်သူ အင်အားစု (PKPF) က ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သော စစ်အုပ်စုမှ သတ်ဖြတ်ခဲ့သော ၅၅ ဦးစာရင်းမှ ၂၁ ဦးမှာ အာဏာသိမ်းစစ်အုပ်စု၏ လက်ပါးစေ၊ ရဲ၊ စစ် သားများမှ အကြောင်းမဲ့ စိတ်ထင်တိုင်း ရမ်းကား ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်းဖြစ်ပြီး ၁ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက် မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုအထဲတွင် အာဏာသိမ်း စစ်အုပ်စုမှ မေလ ၂၄ ရက်က ကက်သလစ် ဘုရားကျောင်းကို ရဟတ်ယာဉ်ပေါ်က ပစ်ခတ်ခဲ့ရာ ဘုရားကျောင်းနံရံများ ထိခိုက်ပျက်စီးခဲ့ရပြီး ဘုရား ကျောင်းတွင် ခုံလှုံနေသော အရပ်သားများ ၄ ဦးမှာ လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရသည်။ ဘာသာရေး အဆောက်အဦအတွင်း ဝင်ရောက်ပစ်ခတ်၍ သေဆုံးခဲ့ရသူ တစ်ဦးရှိခဲ့ပြီး အိမ်ပေါ်သို့ လက်နက်ကြီး ကျ၍ သေဆုံးရသူ ၂ ဦးရှိသည်။ လမ်းပေါ်တွင် အကြောင်းမဲ့ပစ်ခတ်၍ သေဆုံးရသူမှာ ၈ ဦးရှိပြီး စစ်ရှောင်ပြည်သူ များအတွက် ရိက္ခာကူညီပေးစဉ် ပစ်ခတ်ခံရ၍ ၄ ဦး သေဆုံးခဲ့ရသည်။ သပိတ်အား ပစ်ခတ်ဖြိုခွဲ၍ ၁ ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ ၁ ဦးသေဆုံးခဲ့သည်။
ထိုဒေသတွင် မေလ ၂ဝ ရက်နေ့မှစ၍ ၅ ရက်ဆက်တိုက် အာဏာသိမ်း စစ်တပ်နှင့် ဒေသခံများအကြား အပြန်အလှန်တိုက်ခိုက်မှုများရှိခဲ့ပြီး နှစ်ဖက် အကျအဆုံးများရှိခဲ့သည်။ ထို့နောက်အာဏာသိမ်းစစ်တပ်မှ မြို့ပေါ်အိမ်များတွင် ဝင်ရောက်စီးနင်း နေထိုင်ပြီး တပ်စွဲထားသဖြင့် ဒေသခံအရပ်သား တစ်သောင်းနီးပါးမှာ အိုးအိမ်စွန့်ခွာ၍ တောထဲတွင်လည်းကောင်း၊ စစ်ရှောင်စခန်းများတွင် လည်းကောင်း ပုန်းအောင်း တိမ်းရှောင်နေခဲ့ကြရသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ကရင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ လေကြောင်းအပြင် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေကြောင်း ဧပြီလ ၅ ရက်နေ့ ရက်စွဲဖြင့် Free Burma Ranger (FBR)မှ ထုတ်ပြန်ထားကြောင်း တွေ့ရသည်။
ဧပြီလ ၁ရက်နေ့မှစ၍ တစ်လတာ အပစ်အခတ်ရပ်စဲထားကြောင်း အကြမ်းဖက် စစ်ကောင်စီမှ ထုတ်ပြန် ကြေညာထားသော်လည်း ထိုနေ့မှာပင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)နယ်မြေ၊ မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သဖြင့် လူသော မြို့နယ်အတွင်း၌ မြေပြင်တိုက်ခိုက်မှုအနေဖြင့် လက်နက်ကြီးကျည်ဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း FBR ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးအသီး နော်မူဒို အိမ်ကို ထိမှန်ခဲ့၍ နော်မူဒိုမှာ သေဆုံးခဲ့ပြီး ၎င်း၏အမျိုးသားဖြစ်သူ စောမြအောင် အနေဖြင့် ဘယ်ဘက်ပုခုံးတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ တပ်ရင်းပေါင်းများစွာကို ထိုဒေသသို့ ပို့ဆောင်ခဲ့ပြီး ရက်သတ္တတပတ်လုံး လေယာဉ်အပါအဝင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းကား ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးဒဏ်ရာသူ များစွာရှိခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံ ကျေးရွာသားများ အိုးအိမ်စွန့်ခွာ ထွက်ပြေး ပုန်းအောင်းခဲ့ကြရသည်။
ကချင်ပြည်နယ်၊ ဗန်းမောက်မြို့တွင် အာဏာသိမ်းစစ်အုပ်စုမှ မေလ ၃ ရက်နေ့တွင် လေကြောင်းတိုက်ခိုက် မှုများ ရမ်းကားပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် သံဃာတော်တစ်ပါးပျံလွန်တော်မူခဲ့ပြီး ဒေသခံ ၃ ဦး ထိခိုက်သေဆုံးခဲ့သည်။ ထိုသေဆုံးသူများအထဲတွင် ကလေးငယ်တစ်ဦး ပါဝင်ခဲ့သည်။ ထိုသို့ နေ့စဉ် ရက်ဆက် လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခြင်းကြောင်း ဒေသခံ အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ကြရသည်။
ချင်းပြည်နယ် မင်းတပ်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်တပ်ကြား တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် စစ်တပ်က မြို့တွင်းက အဓိကနေရာများမှာ ဝင်ရောက် တပ်စွဲခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ မေလ ၁ရ ရက်နေ့တွင် မြို့ပေါ်လူနေအိမ်တချို့ပေါ်သို့ ညဘက်အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်ထဲတွင် ပုန်းနေသော အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ထိမှန်၍ ကြီးမားသည့် ဒဏ်ရာရခဲ့သော်လည်း စစ်တပ်မှ ဆက်တိုက် ပစ်ခတ်နေသဖြင့် အပြင်ထွက် ဆေးကုခွင့်မရခဲ့ပေ။ ထောင်ပေါင်းများစွာသော ဒေသခံများမှာ မြို့နှင့် ဝေးရာ သို့ တိမ်းရှောင်နေကြရသည်။ ယခုအခါ မြို့ပေါ်တွင် စစ်ရှောင် စခန်း ၃ ခုလောက်သာရှိပြီး သောင်းနှင့်ချီသော ဒေသခံများမှာ တောထဲတောင်ထဲတွင်သာ တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့ကာ ပုန်းရှောင်နေကြရပြီး ကျန်းမာရေးထိခိုက်မှုတွေများလာပြီး စားနပ် ရိက္ခာ ပြတ်လပ်မှု နှင့် ရင်ဆိုင်နေကြရသည်။
မတ်လ ၂ရ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့၊ အ.ထ.က ၃ ရှေ့ တွင် ဆိုင်ကယ်စီးလာသည့် လူငယ် ၃ ဦးအား မျက်နှာချင်းဆိုင်မှ မောင်းလာသော စစ်ကားပေါ်မှ သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ ဆိုင်ကယ်ပေါ်တွင် ပါလာသူ မောင်ကျော်မင်းလတ် အသက် ၁ရ နှစ် အား သေနတ်ထိမှန်ခဲ့ရာ စစ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ဆေးရုံတွင် သေဆုံးခဲ့ရသည်။
မတ်လ ၂၃ ရက်နေ့၊ မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နေအိမ်တွင်ရှိနေသည့် အသက် ရ နှစ် ကလေးငယ်တစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။ နေအိမ်၌ရှိနေသည့် ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲ ပိုက်ချီထား သော မခင်မျိုးချစ် ရနှစ်သည် ဝမ်းဗိုက်ကို သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကာ ဖခင်ဖြစ်သူ လက်ထဲမှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှေဆွဲရွာ အနီးရှိ ရွာသစ် ကျေးရွာတွင် စစ်အုပ်စုမှ ဆိုင်ကယ်စီးလာနေသော လူငယ်တစ်ဦးအား ဆိုင်ကယ် ရပ်မပေးဟု ဆိုကာ ရမ်းကား ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။
ဇွန်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာသို့ နံနက် ၃ နာရီအချိန် စစ်အုပ်စု အင်အား ၅ဝ ခန့်ရှိသည့် စစ်တပ်မှ ဝင်ရောက်ပစ်ခတ်သဖြင့် အမျိုးသမီးငယ်တစ်ဦးမှာ မောင် ဖြစ်သူအား ဆိုင်ကယ်ပေါ်တင်၍ မောင်းနှင်ထွက်ပြေးစဉ် စစ်သားများ၏ ရမ်းကား ပစ်ခတ်မှုကြောင့် ထိုနေရာတွင်ပင် သေဆုံးခဲ့ရသည်။ ထိုဒေသရှိ ထောင်ချီသော ဒေသခံများလည်း တောထဲ တောင်ထဲတွင် ပြေးရှောင်ပုန်းအောင်နေရသည်။
ဇွန်လ ၁၅ ရက် ညနေပိုင်းတွင် ‌ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ကင်းမရွာ တစ်ရွာလုံးအား အာဏာသိမ်း စစ်ကောင်စီ က မီးတင်ရှို့ခဲ့သည်။ အသက်အရွယ်ကြီးသူများမှာ ထွက်မပြေးနိုင်သဖြင့် ရွာအတွင်း ကျန်ရစ်ခဲ့ ကြသည်။ အချို့ကိုသာ ကယ်တင်နိုင်ခဲ့သော်လည်း အချို့မှာ မီးလောင်သေဆုံးခဲ့ရသည်။ ထိုအထဲတွင် ကျန်းမာရေး အလွန်ဆိုးဝါးနေသော ဦးမြမောင် (အသက် ၈၈ နှစ်)နှင့် ဇနီး ဒေါ်ကြီးမေ၊ (အသက် ၈၂) နှစ် အဘိုးအဘွား ဇနီးမောင်နှံတို့သည် ထွက်မပြေးနိုင်သောကြောင့် မီးလောင်သေဆုံးခဲ့ရသည်။ ထိုသို့ တစ်ရွာလုံး အား လက်လွတ်စပယ် မီးတင်ရှို့မှုကြောင့် ရွာတွင်းရှိ ကျွဲ နွား စသည့် အိမ်မွေးတိရစာ္ဆန်များနှင့် စားနပ်ရိက္ခာ များ များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အထက်ပါ ဖြစ်စဉ်များသည် လက်နက်အားကိုးဖြင့် ပြည်သူများအား အနိုင်ကျင့် စော်ကားခြင်း၊ ရမ်းကားခြင်းနှင့် လူ့စိတ်ကင်းမဲ့စွာ ပြုမူခြင်းများပင်ဖြစ်သည်။ ထိုကဲ့သို့ လက်နက်အားကိုးဖြင့် တရားလက်လွတ် ပစ်သတ်မှု များသည် လူ့အခွင့်အရေးချိုးဖောက်မှု ဘောင်ထက်ကျော်လွန်၍ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity)၊ စစ်ရာဇဝတ်မှု (War Crime) တို့သည် နိုင်ငံတကာ ရာဇဝတ်မှုခင်းများပင် ဖြစ်သည်။ အထက်ပါဖြစ်ရပ်များသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ပြည်သူများ အပေါ် ထိုနိုင်ငံတကာရာဇဝတ်မှု အားလုံးကို တပြိုင်နက်တည်း ကျူးလွန်လျက်ရှိကြောင်း သက်သေပြ၊ ညွှန်းဆိုလျက်ရှိသည်။
ဒေသ၊ လူမျိုးစု၊ အုပ်စုတစ်ခုခုကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမျိုးတုန်း သတ်ဖြတ်မှုတွင် အကြုံးဝင် စေပြီး၊ အုပ်စုတစ်ခုကို ရည်ရွယ်ချက်ရှိရှိဖြင့် တရားမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အတင်းအကြပ်ရွှေ့ပြောင်းစေခြင်းတို့သည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျုးလွန်ခြင်းဖြစ်သည်။ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများအား တိုက်ခိုက်ခြင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု အဆောက်အဦများကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျုးလွန်ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်အုပ်စုသည် ယခုအခါ အထက်ပါ အုပ်စုများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိဖြင့် ပြင်းပြင်းထန်ထန် ကျူးလွန်လျက်ရှိသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ်အုပ်စုမှ ထိုကဲ့သို့ ကြီးမားသည့် ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို မဆိုင်းမတွ ရှာဖွေကိုင်တွယ်ရန် လိုအပ်ပါသည်။ ထိုသို့ မဟုတ်ပါက မြန်မာနိုင်ငံတွင်းရှိ များစွာသော အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များ မြန်နှုန်းမြင့်စွာဖြင့် ထပ်မံဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

အပါတ်စဉ်အစီရင်ခံစာအပြည့်အစုံဒေါင်းလော့ရယူရန် Burmese Final