နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခင်ဇော် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ရ ရက်နေ့

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုခင်ဇော် (အသက် ၅၉ နှစ်) သည် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ည ၈ နာရီ ၂ဝ မိနစ်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲမိပါသည်။

ကိုခင်ဇော် ကွန်လွန်ခြင်းသည် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွက်သာမက တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုပင်ဖြစ်သည်။

ကိုခင်ဇော်သည် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ဇာတိဖြစ်သည်။ အခြေခံပညာအထက်တန်း အောင်မြင်ထားသူဖြစ်သည်။

ကိုခင်ဇော်သည် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး နောက်ပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်)၊ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF ) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စစ်ထောက်လှမ်းရေးမှ ဖောက်ခွဲမှုဖြင့် ဖမ်းဆီးခံရပြီး ပုဒ်မ ၅ ည ၊ ၁ရ (၁)၊ ၁၉ (က)၊ ၁၂၂/၁ ပုဒ်မများဖြင့် သေဒဏ်အမိန့်ချခြင်းခံခဲ့ရသူဖြစ်ပါသည်။

အင်းစိန်ထောင်၊ သာယာဝတီ အကျဉ်းထောင်များတွင် ၁၈ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၉ ခုနှစ် ဧပြီ ၃ဝ ရက်နေ့တွင် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းများ ကိုလည်း လုပ်ဆောင်ခဲ့သူဖြစ်သည်။

ကိုခင်ဇော်သည် မကွယ်လွန်မီအချိန်ထိ အေအေပီပီ၏ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှုအစီအစဉ်၏ ကောင်ဆယ်လာ (Counselor) တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပါသည်။ ထို့အပြင် ဝံသာနုရက္ခိတ စနေလူငယ်အသင်း၊ မြန်မာပြည် မျိုးချစ်လူငယ်ကွန်ရက်၊ အာရုဏ်ဦး လူမှုကူညီရေးအသင်း စသည့် နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတ လုပ်ငန်း များတွင် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူတဦးလည်းဖြစ်ပါသည်။

ထို့ကြောင့် ကိုခင်ဇော်၏ တိုင်းပြည်အကျိုးဆောင်ရွက်မှုများ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများ၊ လူမှုရေးကူညီဆောင်ရွက်မှုများကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)မှ ဂုဏ်ပြုမှတ်တမ်းတင်ရင်း ကိုခင်ဇော် ကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကိုခင်ဇော် ကောင်းရာသုဂတိလားပါစေ..

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

၂၀၁၄ ခု၊ ဩဂုတ်လ ရ ရက်၊