စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောင်းပန်းတောင်းမြို့ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများ ကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၄၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၆၄၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၅၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၃၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၃၁) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများ ကို ဆက်လက် ဖော်ပြသွားပါမည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောင်းပန်းတောင်းမြို့ပေါ်၌ ယမန်နေ့ (ဇွန် ၄) ညအချိန်က LGBT တစ်ဦးဖြစ်သူ သော်သော် (ခ) သော်ဇင် နှင့် သူငယ်ချင်းနှစ်ဦးတို့သည် ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် မြို့နယ်ပညာရေးမှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ပစ်ခတ်ခဲ့ခြင်းကြောင့် သော်သော်(ခ) သော်ဇင်သည် လက်မောင်းနှင့် နံကြားကို ကျည်ဆန်သုံးချက်ထိမှန်ခဲ့ပြီး အချိန်မီ ဆေးကုသခွင့်မရသောကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၌ ဇွန်လ ၃ ရက်နေ့ ညအချိန်က အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်ကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ပေးခြင်းမရှိသည့်အတွက် ပစ်ခတ်ခဲ့သောကြောင့် ကိုကုလားဆိုသည့် အမျိုးသား တစ်ဦး ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ (ဇွန် ၄) က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုခန့်ဇင်ကို၏ ဖခင်အား ၎င်း၏နေအိမ်၌ လာရောက် ဖမ်းဆီးရာ တွေ့ရှိခြင်းမရှိသောကြောင့် သားဖြစ်သူ ကိုခန့်ဇင်ကိုအား ဖမ်းဆီးသွားခဲ့ ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for june 5, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (5-Jun-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (5-Jun-2021)