စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၄၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၅၆၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၅၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၃၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၃၁) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများ ကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဇွန် ၄) နံနက် (၁) နာရီမထိုးမီအချိန်၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ အကြမ်းဖက်စစ်အုပ်စုမှ ခွန်အောင်ဆန်းဆိုသည့် လူငယ်တစ်ဦးကို ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် ၎င်း၏ဖုန်းကိုပါ သိမ်းဆည်းသွားခဲ့ပြီး နေအိမ်အောက်ထပ်ရှိ အခြားသူများကိုလည်း ရိုက်နှက်သွားကြောင်း သိရှိရသည်။ ယမန်နေ့ (ဇွန် ၃) မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ စနေကွက်လပ်ဖြည့် ပရဟိတအသင်းခေါင်းဆောင် ကိုလွင်ကိုချစ် (ခေါ်) ကိုဖိုးချစ်ကို အကြမ်းဖက် စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု သိရှိရသည်။ ၎င်းပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့သည့်အတွက် မတ်လအတွင်းက ဖမ်းဆီးခြင်းခံခဲ့ရသော မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ အ.လ.က (၃) (ထခွဲ) ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီညွန့်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ယမန်နေ့ နံနက်ပိုင်းက အမှုဖွင့်ခြင်းခံခဲ့ရသည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော ပရော်ဖက်ရှင်နယ်ဓါတ်ပုံဆရာ တစ်ဦးဖြစ်သည့် ကိုသက်ထွန်းအောင် (ခေါ်) မောင်ထူးဆန်းကို ဇွန်လ ၃ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုမှ ၎င်းကို တိုင်းရင်းသားဒေသတစ်ခုတွင် စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု စွပ်စွဲပြီး ဧပြီလကတည်းက ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for june 4, 2021 (Bur) (Updated) (2)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (4-Jun-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (4-Jun-2021)