စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၃ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၄၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၅၀၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၃၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၃၁) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများ ကို ဆက်လက် ဖော်ပြသွားပါမည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၌ ယမန်နေ့ (ဇွန် ၂) ညအချိန်က အကြမ်းဖက်စစ်အုပ်စုမှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးမှာ နဖူးတည့်တည့်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး ကျန် ပြည်သူ တစ်ဦးမှာ ပါးစပ်တွင် ကျည်ထိမှန်၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံး မြို့နယ်၊ ချောင်းဝပြင်ကျေးရွာ၌ မေလ ၂၉ ရက်နေ့ ညအချိန်က စစ်သားများ ရွာအတွင်းဝင်လာ၍ ကြောက်လန့်ကာ ထွက်ပြေးသောကြောင့် ပစ်ခတ်ခြင်းခံခဲ့ရပြီး ဒဏ်ရာဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရသော အမျိုးသမီး နှစ်ဦးသည် ကျဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။ ထိုအမျိုးသမီးနှစ်ဦးကို မီးသဂြိုဟ်လိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ ရုပ်အလောင်း ဓာတ်ပုံများကို မိသားစုဝင်များထံ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ပေးပို့ အကြောင်းကြားလာကြောင်း သိရှိရသည်။
ယနေ့ (ဇွန် ၃) နံနက်အစောပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၌ စိန်ပန်းသပိတ် စစ်ကြောင်းတွင် ပါဝင်သည့် NLD ပါတီဝင် နှစ်ဦးကို ၎င်းတို့၏နေအိမ်များ၌ ရိုက်နှက်၍ ဖမ်းဆီးသွားသည်ဟု သိရှိရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဆန္ဒထုတ်ဖော်၍ ဖမ်းဆီးခြင်းခံထားရသည့် ပြည်သူများကို အခမဲ့ရှေ့နေလိုက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးသည် ဇွန်လ ၂ ရက်နေ့က မြစ်ကြီးနားထောင်တွင်းတရားရုံး၌ အမှုတစ်ခုကို စစ်ဆေး ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရပြီး မြစ်ကြီးနားမြို့မရဲစခန်း၌ ချုပ်နှောင်ခြင်းခံထားရသည်ဟု သိရှိရသည်။ တရားလွှတ်တော် ရှေ့နေ ဦးသက်ထွန်းဦးကို မြစ်ကြီးနားမြို့မရဲစခန်းမှူးမှ တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထား ကြောင်းသိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for june 3, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (3-Jun-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (3-Jun-2021)