စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် မေလ ၃ဝ ရက်နေ့က ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့် အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၄၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၄၆၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၀၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၃၁) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၁၇) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများ ကို ဆက်လက် ဖော်ပြသွားပါမည်။
မေလ ၃ဝ ရက်နေ့ ညအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ကျောက်တောင်ကျေးရွာမှ လောပိတကျေးရွာသို့ ဆိုင်ကယ်စီး၍ပြန်လာသော အမျိုးသား တစ်ဦးကို အကြမ်းဖက် စစ်အုပ်စုမှ အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။
ယနေ့ (ဇွန် ၂) နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြောင်ခေါင်းကျေးရွာအုပ်စု၊ ပန်လင်ကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းကို အကြမ်းဖက် စစ်အုပ်စုမှ စစ်ကားနှစ်စီးဖြင့် လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရ သည်။ ယမန်နေ့ (ဇွန် ၁) ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ ကားဝပ်ရှော့တစ်ခု၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက အမျိုးသား တစ်ဦးကို ၎င်း၏နေအိမ်၌သွားရောက် ဖမ်းဆီးရာ မတွေ့ရှိသောကြောင့် အသက် ၆၂ နှစ်အရွယ် မိခင် နှင့် ဇနီးတို့ကို အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွား ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်ဖြိုးပိုင်ကို ဖမ်းဆီးရမိခြင်းမရှိသောကြောင့် ၎င်း၏အဘိုးဖြစ်သူကို မေလ ၃၁ ရက်နေ့ ညအချိန်က ဖမ်းဆီးသွားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for june 2, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (2-Jun-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (2-Jun-2021)