စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် မေလ ၂၈ ရက်နေ့က ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့် အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၄၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၄၄၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၁၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၈၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မေလ ၂၈ ရက်နေ့ ညအချိန်က အကြမ်းဖက် စစ်အုပ်စု၏ ချုံခို ပစ်ခတ်မှုကြောင့် သူငယ်ချင်းဖြစ်သူ၏ မွေးနေ့မှ ပြန်လာသည့် လူငယ်အမျိုးသား တစ်ဦးသည် လက်ဝဲဘက် နံကြားတွင် ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့သည်။
ယမန်နေ့ (မေ ၃၁) ညပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ စစ်ကိုင်းတိုင်းဒေသကြီးအဖွဲ့ဝင် နှင့် မင်းကင်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်သည် ၎င်းတိမ်းရှောင်နေသည့် ယင်းမာပင်မြို့နယ်ရှိ ရွှေတောင်ဦးမြို့သစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ NLD အလုပ်အမှုဆောင် ဦးဂတုံး (ခေါ်) ဦးဟိန်းဝင်းလတ်သည် ၎င်း၏နေအိမ်၌ပင် ယမန်နေ့ညက ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းပြင် ယမန်နေ့ ညနေက အရပ်ဝတ်များ ဝတ်ဆင်ထားသော စစ်သား ရှစ်ဦးမှ မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အိုးရှင်းစင်တာ၌ သေနတ်ဖြင့်ချိန်၍ ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။ လက်ရှိတွင် မဖူးသိမ့်သိမ့်တုန်သည် စစ်ဘေးရှောင် ပြည်သူများကို လိုက်လံ ကူညီပေးနေသူဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

Fatality List for june 1, 2021 (Bur) (Updated)

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်းFatality List for june 1, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (1-Jun-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists_Burmese (1-Jun-2021)