စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ အပြစ်မဲ့ ပြစ်သူ (၁) ဦး နှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၄၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၃ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၄၀၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၈၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သစ်တွင် ယနေ့ (မေ ၃၀) နံနက်အစောပိုင်း၌ အကြမ်းဖက် စစ်အုပ်စု၏ တပ်များက ရုံးတန်း ရပ်ကွက် နှင့် မှန်ချိုရပ်ကွက်တို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ခြောက်ဦးကို ဖမ်းဆီးရာ ကိုမိုးမြင့်အောင် ဆိုသည့် လူငယ် တစ်ဦး၏ အိမ်တံခါးကို ပစ်ခတ်၍ ဖွင့်သောကြောင့် ကိုမိုးမြင့်အောင်၏ ဝမ်းဗိုက်ကို ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ကိုမိုးမြင့်အောင်သည် ယင်းဒဏ်ရာဖြင့်ပင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ (မေ ၂၉) က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၌ အကြမ်းဖက်စစ်အုပ်စုမှ စစ်ရှောင်နေကြသည့် ဘာသာရေးကျောင်း အဆောက်အအုံဝန်းအတွင်းကို ဝင်ရောက်ခဲ့ပြီး ရေယိုကျေးရွာ၏ ရာအိမ်မှူးဟောင်း တစ်ဦးကို ပစ်သတ်သွားခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ နေရင်းကျေးရွာတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ယမန်နေ့ (မေ ၂၉) နေ့လယ်ပိုင်း၌ ဖမ်းဆီးသွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for May 30, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (30-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (30-May-2021)