စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၃၃) ဦး ရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၃၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါက လည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၅၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၈၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (မေ ၂၇) မွန်းလွဲပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာ၊ သပြေကုန်းဘက်၌ အကြမ်းဖက်စစ်အုပ်စု၏ တပ်များ ရွာအတွင်းဝင်လာချိန်၌ ကြောက်လန့်၍ ထွက်ပြေးသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်အား ဦးခေါင်းပွင့်သည်အထိ ပစ်သတ်ခဲ့သည်။ ယမန်နေ့ ညပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၌ အကြမ်းဖက် စစ်အုပ်စု၏ တပ်များမှ သေနတ်ဖြင့် အချက်ပေါင်းများစွာ ရမ်းကား ပစ်ခတ်ခဲ့ ခြင်းကြောင့် အမျိုးသား တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိထားသော အဆိုပါအမျိုးသားကို ကားဖြင့် တင်ကာ ခေါ်ဆောင်သွားခဲ့ပြီး ကျဆုံးသွားပြီဖြစ်ကြောင်း ကြားသိရသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် မိခင်ဖြစ်သူ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်မိငယ်(ခ) ဒေါ်ငယ်လေးကို မေလ ၂ ရက်နေ့က ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့ (မေ ၂၈) တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်ဟု သိရှိရသည်။
ယနေ့ (မေ ၂၈) နေ့လယ်ပိုင်းက Myanmar Pressphoto Agency ဓါတ်ပုံသတင်းထောက်ဖြစ်သည့် ကိုမျိုးသီဟကျော် သည် မန္တလေးမြို့၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းပြင် မွန်ပြည်နယ် သထုံမြို့နယ်တွင် ယမန်နေ့ (မေ ၂၇) ညပိုင်း၌ မနောဖြူပရဟိတအသင်းမှ လူငယ် လေးဦးသည်လည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်းဒေါင်းရန် Fatality List for May 28, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းရန် Under Detention List_Burmese (28-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းရန် Release Lists_Burmese (28-May-2021)