
စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ မေလ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ အပြစ်မဲ့ ပြစ်သူ (၂) ဦး နှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦးတို့၏  အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါ သည်။ ထို့ကြောင့် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၃၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါက လည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။   

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၇ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၃၁) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၀၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၈၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။

ယနေ့ (မေ ၂၇) နံနက်ပိုင်းတွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ လူငယ် နှစ်ဦးသည် ကရင်နီ စစ်ရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာများသယ်ယူပေးနေစဉ် အကြမ်းဖက် စစ်အုပ်စု၏ ပစ်သတ်ခြင်းခံခဲ့ရသည်။ မေလ ၂၅ ရက်နေ့ နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စုမှ စိတ်ကျန်းမာရေးမကောင်း သည့် အမျိုးသား တစ်ဦးကို ပစ်သတ်ခဲ့သည်။ 

ယနေ့ (မေ ၂၇) နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာအထူးပြု၊ ဒုတိယ နှစ်ကျောင်းသား ကိုစိုးလင်းထက်အား ပျော်ဘွယ်မြို့နယ်နေအိမ်၌ မတရားအကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ မေလ ၂၅ ရက်နေ့ ညအချိန်က ဧရာ၀တီတိုင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Ayeyarwaddy Times သတင်းဌာနမှ သတင်းထောက် ကိုအောင်မြသန်းကို အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးပြီး ရိုက်နှက် စစ်ဆေးခဲ့သည်ဟု သိရှိရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

အရေးတော်ပုံအောင်ရမည်

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for May 27, 2021 (Bur) (Updated)
မတရားဖမ်းဆီးခံထားရသူများစာရင်း Under Detention List_Burmese (27-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_English (27-May-2021)