စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၂၇) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၂၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၁၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၆၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အာဆီယံအစည်းအဝေးကျင်းပသည့် ၂၄ ဧပြီ မှ ၂၄ မေ ၂၀၂၁ အတွင်း အကြမ်းဖက်စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီးဖြစ်သည်။ ထိုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အာဆီယံ၏ ကြားဝင် ဆောင်ရွက်မှုမှာ ထိရောက်မှုမရှိသေးကြောင်း ညွှန်းဆိုလျှက်ရှိသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အာဆီယံ၏ ကြားဝင်ဆောင်ရွက်မှုများအား အလေးထားစောင့်ကြည့်နေခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများ အား သတ်ဖြတ်နေမှုများမှာ ရပ်တန့်မသွားသည်ကိုလည်း ထင်ရှားစွာတွေ့မြင်ရမည်ဖြစ်သည်။
ယမန်နေ့ (မေ ၂၄) နေ့ခင်းပိုင်းက ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ “စိတ်ထားမဏ္ဍိုင်” ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို လာယူရန် ယနေ့ (မေ ၂၅) နံနက်ပိုင်းတွင် မိသားစုထံ အကြောင်းကြားလာသည်ဟု သိရှိရသည်။ ထိုအမျိုးသား၏ရုပ်အလောင်းတွင် ကျောပြင်အနှံ့ရိုက်နှက်ခြင်းခံထားရသည့် ဒဏ်ရာများရှိနေပြီး လက်များတွင်လည်း ဓားဖြင့် မွှန်းထားသည့် ဒဏ်ရာများလည်းရှိသည်ဟု သိရှိရသည်။ ပဲခူးတိုင်း ဒေသကြီး၊ ဘုရားကြီးမြို့၊ ဇောင်းတူတွင် မေလ ၂၂ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်ဟောင်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုမဲကြီး (ခ) ကိုစိုးမိုးလှိုင်သည် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောကြောင့် ယမန်နေ့ (မေ ၂၄) ညနေတွင် ကျဆုံးသွားခဲ့သည်။ ထို့ပြင် မေလ ၂၃ ရက်နေ့ ညအချိန်က မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဘုရားငါးဆူကံကြီး (တောင်) ကျေးရွာမှ အမျိုးသား တစ်ဦးသည် အလုပ်ပြီး၍ နေအိမ်သို့ ပြန်ရန် တောင်တွင်းကြီးမြို့ကို ဖြတ်မောင်းစဉ် ပစ်ခတ်ခြင်းခံခဲ့ရကာ ကျဆုံးသွားခဲ့သည်.
ယမန်နေ့ (မေ ၂၄) က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကေဂျာနော်သည် လည်းကောင်း၊ မြန်မာနိုင်ငံအခြေစိုက် Frontier Myanmar သတင်းဌာန၏ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ Mr. Danny Fenster သည်လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင်၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးသိန်းလှိုင်ထွန်းသည်လည်းကောင်း အသီးသီး ဖမ်းဆီးခြင်းခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်းဒေါင်းရန်  Fatality List for May 25, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းရန်Under Detention List_Burmese (25-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းရန် Release Lists_Burmese (25-May-2021)