စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စစ်ကိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် နှင့် ကယားပြည်နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၆) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၂၄) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွား ခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၂၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၀၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၄၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (မေ ၂၃) ညအချိန်က အကြမ်းဖက် စစ်အုပ်စုမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မြောင်းကုန်းကျေးရွာမှ အမျိုးသား တစ်ဦးအား ပစ်ခတ်ခဲ့၍ ဦးခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့သည်။ ယမန်နေ့ ညအချိန်က ကယား ပြည်နယ်၊ ကုန်းသာကျေးရွာမှ ရွာသား တစ်ဦးသည် ဆိုင်ကယ်မောင်းလာစဉ် အကြမ်းဖက် စစ်အုပ်စု၏ တပ်များမှ ရမ်းကား ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး ဓာတ်တိုင်ကို ဆိုင်ကယ်ဖြင့် တိုက်မိကာ ညာခြေထောက် အထက်ပိုင်း ကျိုး၍ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ယမန်နေ့ ညနေအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ ဘောလုံးကွင်းကို စစ်အုပ်စု၏ တပ်များမှ အရပ်ဝတ်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး သေနတ်ဖြင့် ပစ်ဖောက်ခဲ့သောကြောင့် လူငယ် တစ်ဦးသည် အုတ်နံရံပေါ်တက်ပြေးစဉ် ပစ်ခတ်ခြင်းခံခဲ့ရ၍ ပြုတ်ကျသွားခဲ့ကာ နဖူးကွဲဒဏ်ရာ၊ ကျည်ထိဒဏ်ရာ တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ကျဆုံးသွားကြောင်း သိရှိရသည်။ ယမန်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၌ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် အကြမ်းဖက် စစ်အုပ်စုတို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် တစ်ဦးသည် ပေါင်ရင်းကို ကျည်ထိမှန်၍ သွေးထွက်လွန်ကာ ကျဆုံးသွားခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှ ပြင်ပဘော်ဒါဆောင် ကျောင်းအုပ်ဆရာတစ်ဦးသည် ရောဂါအခံရှိသူဖြစ်ပြီး မေလ ၂၁ ရက်နေ့တွင် မကွေးအကျဉ်းထောင်၌ ရုံးထုတ်စစ်ဆေးအပြီး ပုံစံထိုင်ခိုင်းစဉ် လဲကျ သေဆုံးသွားခဲ့သည်ဟု သိရှိရသည်။
ယနေ့ (မေ ၂၄) နေ့လယ်ပိုင်းတွင် မန္တလေးမြို့မှ အလွတ်တန်းသတင်းထောက် ကိုစူပါ (ခ) ကျော်ဇင်ဝင်းကို သေနတ်ဖြင့်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းပြင် ယမန်နေ့ (မေ ၂၃) ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ပါဝင်သည့် မီးသတ်ဝန်ထမ်းကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် ၎င်း၏ မိဘနှစ်ပါး နှင့် ညီဖြစ်သူတို့အား ဖမ်းဆီးသွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးသူများစာရင်း Fatality List for May 24, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (24-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists_Burmese (24-May-2021)