စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၁၅) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၁၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၂၇၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၀၂) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (မေ ၂၁) နေ့လယ်အချိန်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘူးကွန်းကျေးရွာ၌ အကြမ်းဖက် စစ်အုပ်စု နှင့် ချင်းပြည် ကာကွယ်ရေးတပ် (CDF-Mindat) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-Mindat မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားခဲ့ သည်ဟု သိရှိရသည်။ ထို့အပြင် မေလ ၂ဝ ရက်နေ့က မင်းတပ်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်နေသည့် ဝန်ထမ်း တစ်ဦးကို ပစ်သတ်သွားခဲ့သည်။​ ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ပေးနေစဉ် ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန် အကျဉ်းထောင်၌ တရားရင်ဆိုင်နေရသော ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်မှ အမျိုးသား တစ်ဦးသည်လည်း လုံလောက်သည့် ဆေးကုသခွင့်မရသည့်အတွက် မေလ ၁၉ ရက်နေ့၌ ကျဆုံးသွားခဲ့သည်။
ယနေ့ (မေ ၂၂) နံနက်အစောပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးစိုးမြင့်ထိန်ကို ရှောင်တိမ်းနေသည့် လှည်းကူးခြံတွင် ဖမ်းဆီးသွားခဲ့သည်။ ၎င်းနှင့်အတူ ဇနီးဖြစ်သူ နှင့် အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ၎င်းနောက် ဇနီးဖြစ်သူ နှင့် အမျိုးသား တစ်ဦးတို့ကို ပြန်လည် လွှတ်ပေးခဲ့ပြီး ဦးစိုးမြင့်ထိန်ကို ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရ သည်။
ယမန်နေ့ (မေ ၂၁) ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၌ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား တစ်ဦး နှင့် ရေကြောင်းကောလိပ် (ရေကြောင်းသိပ္ပံ) နောက်ဆုံးနှစ် ကျောင်းသား တစ်ဦး တို့ကို အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးသွားခဲ့သည်။ ယမန်နေ့ (မေ ၂၁) နံနက်အစောပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ အသက် ၁၅ နှင့် အသက် ၁ရ နှစ်အရွယ် ကလေး နှစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ဂ) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။
မေလ ၂ဝ ရက်နေ့ ညအချိန်က ဒဂုံတက္ကသိုလ်၊ ရုက္ခဗေဒ၊ တတိယနှစ် ကျောင်းသား တစ်ဦးကို မရမ်းကုန်းမြို့နယ်ရှိ နေအိမ် တစ်အိမ်တွင် စစ်ကားအများအပြားဖြင့် အပြင်းအထန် ရိုက်နှက်ခေါ်ဆောင်သွားသည်ဟု အနီးရှိပြည်သူများမှ ပြောကြားခဲ့ ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း ဒေါင်းရန် Fatality List for May 22, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း ဒေါင်းရန်Under Detention List_Burmese (22-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းရန် Release Lists_Burmese (22-May-2021)